ဆီးရီးယားမှာ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား

  • 14 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ကိုဖီအာနန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ ဆီးရီးယား ထဲဝင်ဖို့ အဆင့်သင့်ဖြစ်နေကြပြီ

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ အပယ်လိုမြို့က အသုဘ အခမ်းအနားတခုကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ လူ ၄ ဦး သေဆုံးသွားပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိသွား ကြတယ်လို့ ဆီးရီးယား အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဟုမ်းစ်မြို့လယ်ကိုလည်း အမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ရှစ်ဦးလောက် သေးဆုံးသွားတယ်လို့ တက်ကြွလှုပ်ရှားသူ တွေက ပြောပါတယ်။

အစိုးရ ရုပ်သံကတော့ သူပုန်သေနတ်သမားတွေက ထင်ရာစိုင်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကြေညာသွားပါတယ်။ နောက်ပြီး အတိုက်အခံတွေဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လမ်းလွဲအောင် လုပ်နေတယ်လို့ စွပ်စွဲသွားပါတယ်။

ဟာမားမြို့မှာ လက်နက်ကိုင် အကြမ်းဖက် ဂိုဏ်းတွေက စစ်သား အတော်များများကို သတ်ဖြတ် ခဲ့ပြီး ဗိုလ်မှူးကြီး တဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ အစိုးရ တပ်ဖွဲ့တွေဘက်က စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဆီးရီးယားက အပစ်အခတ် ရပ်စဲရေးအခြေအနေကို စောင့်ကြည့် လေ့လာရေး အတွက် အဖွဲ့တဖွဲ့ စေလွှတ်ရေး ခွင့်ပြုချက်ပေးဖို့ ဆုံးဖြတ်ချက် မူကြမ်းကို နောက်ဆုံးပိတ် ပြန်လည် သုံးသပ်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်မူကြမ်းကို လာမယ့် နာရီပိုင်း အတွင်း မဲခွဲ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဆုံးဖြတ်ချက် အတည်ဖြစ်တာနဲ့ လေယာဉ်တက်ဖို့ အတွက် စောင့်ကြည့်လေ့လာရေး အဖွဲ့ငယ် တခုဟာ အဆင့်သင့် ဖြစ်နေပြီလို့ အထူးကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ပြောခွင့်ရသူ က ဆိုပါတယ်။