တာလီဘန်တွေ ကာဘူးလ်မြို့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်

  • 15 ဧပြီ 2012
Image caption နိုင်ငံခြား သံရုံးတွေ အနီးမှာ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့

အာဖဂန်နစ္စတန်က တာလီဘန် သူပုန်တွေဟာ မြို့တော် ကာဘူးလ်နဲ့ တခြားပြည်နယ် သုံးခုမှာ တိုက်ခိုက်မှုတွေကို အချိတ်အဆက်ရှိရှိ ပြုလုပ်ခဲ့ ကြပါတယ်။

နိုင်ငံခြား သံရုံးတွေနဲ့ နေတိုးတပ်ဖွဲ့ အခြေစိုက် စခန်း ရှိရာ နေရာ အနီးမှာ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ အမေရိကန် နဲ့ ဗြိတိသျှသံရုံးတွေက ပြောပါတယ်။

နောက်ပြီး သူပုန်တွေဟာ ပါလီမန်အနီးက အဆောက်အဦးကနေ ပါလီမန်ကို ပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး၊ အဲဒီ အနီး ပတ်ဝန်းကျင်မှာလည်း တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာ ပြောခွင့်ရသူက တိုက်ခိုက်မှုအသေးစိတ်ကို ရှင်းပြရာမှာ နိုင်ငံတွင်း နေရာလေးခုမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကာဘူးလ်အပြင် လိုဂါ၊ ပက်တီယာ နဲ့ နာဂန်ဟာ ပြည်နယ်တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

အသေခံ ဗုံးခွဲသမား ၂ ဦးကတော့ ဂျလာ လာဘတ် လေဆိပ်ကို ဝင်ရောက်ဖို့ ကြိုးစားတုန်းမှာ အသတ်ခံလိုက်ရပါတယ်။

တာလီဘန်ပြောခွင့်ရသူ ပြောတာကတော့ အနောက်နိုင်ငံ တပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ နွေဦးစစ်ဆင်ရေး အစအဖြစ် အခုလို အချိတ်အဆက်ရှိရှိ တိုက်ခိုက်မှုတွေကို လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။