ဆီးရီးယား အရေး ဘန်ကီမွန်း စိုးရိမ်

  • 15 ဧပြီ 2012
_moon ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ဆီးရီးယား နိုင်ငံမှာ သူပုန်တပ်ဖွဲ့ တွေနဲ့ အစိုးရတပ်တွေ အကြား တိုက်ခိုက်မှုတွေ ပိုမို ဖြစ်ပွား လာတဲ့ သတင်းတွေ နဲ့အတူ ဟွမ်းစ် မြို့ကိုလဲ လက်နက်ကြီး တွေနဲ့ ပစ်ခတ် နေတာတွေကြောင့် စိုးရိမ် ပူပန်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဘရပ်ဆယ်လ် မြို့မှာ ရောက်ရှိနေတဲ့ မစ္စတာ ဘန်ကီမွန်းက ဆီးရီးယား တပ်ဖွဲ့ တွေအနေနဲ့ အပစ်ရပ် သဘောတူညီ ထားမှုအတိုင်း လိုက်နာ ကြဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ ကုလသမဂ္ဂ အထူး သံတမန် ကိုဖီအာနန် ရဲ့ ပြောခွင့်ရသူက ပြီးခဲ့တဲ့ ကြာသပတေး နေ့က စတင်ခဲ့တဲ့ အပစ်အခတ် ရပ်ဆဲထားမှု အပေါ် နှစ်ဘက် စလုံးက လိုက်နာ ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ဒီပြောခွင့်ရသူ ဖြစ်တဲ့ အာမက် ဖော်ဇီက ဘီဘီစီ ကို ပြောကြားခဲ့ရာမှာ အခုရရှိထားတဲ့ နားလည်မှုတွေဟာ ချိုးဖျက်ဖို့ လွယ်ကူပေမယ့် တန်ဖိုးရှိတဲ့ အကြောင်းနဲ့ ဆီးရီးယား နိုင်ငံ ချောက်ထဲ မကျသွားအောင် ကယ်တင်နိုင်မဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။ ဆီးရီးယားကို ကုလသမဂ္ဂရဲ့ အပစ်ရပ် စောင့်ကြည့် လေ့လာ သူတွေ ရောက်မလာ ကြခင်မှာ အခုလို တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

အဲဒီလို တိုက်တွန်း ပြီး မကြာခင်မှာပဲ ကုလသမဂ္ဂ ရဲ့ အပစ်ရပ် လေ့လာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ ပထမဆုံး အသုတ် အဖြစ် အဖွဲ့ဝင် တချို့ ဟာ ဆီးရီးယား မြို့တော် ဒမတ်စကတ်စ် ကို ရောက်ရှိလာ ကြပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့ရဲ့ ပြောခွင့်ရသူက ဒီ လက်နက် မကိုင်ဆောင် ထားတဲ့ စစ်ရေး လေ့လာ စောင့်ကြည့် ကြသူ တွေဟာ တနင်္လာနေ့ မှာပဲ စတင် ပြီး တာဝန် ထမ်းဆောင် ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ရဲ့ နောက်ထပ် အဖွဲ့ဝင် ၂၄ ဉီး ဟာလဲ လာမဲ့ ရက်တွေ အတွင်းမှာ ဆီးရီးယားကို ရောက်ရှိ လာကြမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ဒီအဖွဲ့ ကို အင်အား ၂၅၀ လောက်အထိ တိုးမြှင့် ဖွဲ့စည်းသွားဖို့ စဉ်းစား ထားပါတယ်။

ဆီးရီးယားမှာ ပြီးခဲ့တဲ့ ကြာသပတေး နေ့ထဲက အပစ်အခတ် ရပ်ဆဲမှုကို စတင်ခဲ့ပေမယ့် အခုထက်ထိ တိုက်ခိုက်မှု တွေက ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဟွမ်းစ်မြို့မှာ အစိုးရတပ်တွေ နဲ့ သူပုန်တပ်တွေ တိုက်ခိုက် နေကြတဲ့ သတင်းတွေ ထွက်လာနေပါတယ်။