ဆီးရီးယားကို ကုလ စောင့်ကြည့်ရေး အဖွဲ့လွှတ်မယ်

  • 15 ဧပြီ 2012
un_security_council ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆီးရီးယား နိုင်ငံကို အဆင့်မြင့် ငြိမ်းချမ်းရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ စေလွှတ်သွားဖို့ ဆုံးဖြတ်လိုက် ပါတယ်။

ဆက်လက်ပြီး ဆီးရီးယား တပ်ဖွဲ့တွေရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်ပြီး တော့လဲ ရှုံ့ချလိုက် ပါတယ်။

ဒီလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ အစည်းအဝေး စတင်ပြုလုပ် နေကြစဉ်မှာပဲ ကြာသပတေး နေ့က စတင်ထားတဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် တွေဟာ ပြိုပျက်တော့မယ့် အလားအလာ ရှိနေပါတယ်။

ဆီးရီးယား နိုင်ငံ ရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ဟွမ်းစ် မြို့မှာတော့ အစိုးရ တပ်ဖွဲ့တွေ က ပစ်ခတ်မှုကြောင့် လူပေါင်း ၁၇ ဉီးလောက် သေဆုံး သွားခဲ့ရပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ အခုလို တိုက်ခိုက်မှုတွေ ပြန်စတင် လာတာနဲ့ ပတ်သက်လို့ ဆီးရီးယားရဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေနဲ့ ပတ်သက်တဲ့ အားထုတ် ဆောင်ရွက် နေမှုတွေ အပေါ်မှာ အကြီးအကျယ် သံသယ ဝင်မိတယ်လို့ ဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ရဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဒီ အဆင့်မြင့် လေ့လာ စောင့်ကြည့် သူတွေကို မြန်နိုင်သမျှ အမြန်ဆုံး စေလွှတ်သွားမယ် လို့ ဆိုလိုက်ပါတယ်။

သူက ဒီ ကုလသမဂ္ဂ အဖွဲ့နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အဆိုပြုချက် တခုကို လာမဲ့ ဗုဒ္ဓဟူး နေ့မှာ တင်သွင်းသွားမယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကုလသမဂ္ဂ အနေနဲ့ ဆီးရီးယား နိုင်ငံ အတွင်းက အခြေအနေတွေ နဲ့ပတ်သက်ပြီး သေသေချာချာ စောင့်ကြည့် လေ့လာသွား နိုင်ဖို့ အတွက် အပြည့်အဝ လွတ်လပ်စွာ သွားလာ လှုပ်ရှား ခွင့်တွေ ရှိဖို့ လိုအပ်တယ်လို့ လည်း ပြောလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂ အဖွဲ့ အနေနဲ့ လွတ်လပ်စွာ သွားလာ နိုင်ခွင့် တွေ အပြင် ဆီးရီးယား အာဏာပိုင် တွေကဘက်က လုံခြုံရေး အစီအမံတွေကိုလည်း ထားရှိပေးသွား ဖို့ လိုအပ်ကြောင်း၊ အခုအချိန်မှာ ဒီကိစ္စဟာ အလွန် အရေးကြီး တဲ့ အကြောင်းနဲ့ ဒီလေ့လာ စောင့်ကြည့်ရေး အဖွဲ့မှာ လူအင်အားနည်းပါး နေရင်တောင်မှ ကုလသမဂ္ဂ အဖွဲ့ အဖို့ ထိရောက်တဲ့ စောင့်ကြည့် လေ့လာ မှုတွေကို လုပ်သွား နိုင်မှာ ဖြစ်တယ်လို့ သူယုံကြည် နေတဲ့ အကြောင်းတွေကို ပြောကြား သွားပါတယ်။