ဆီးရီးယားမှာ ကုလ စောင့်ကြည့်လေ့လာရေး ကနဦးအဖွဲ့ လုပ်ငန်းစ

  • 16 ဧပြီ 2012
Syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားကို ကုလ စောင့်ကြည့်လေ့လာသူတွေ ရောက်လာ

ဆီးရီးယားမြို့တော် ဒမတ်စကပ်မှာ ကုလသမဂ္ဂရဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ကနဦး အဖွဲ့တစ်ခုက အကြို လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင် နေသလို အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဆီးရီးယား အစိုးရအနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ကုလသမဂ္ဂ စောင့်ကြည့် လေ့လာသူ ကနဦး ခြောက်ဦးဟာ ရုံးခန်းတွေ ဖွင့်နိုင်အောင် ပြင်ဆင်နေသလို အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်စလုံးနဲ့ ဆက်သွယ် ဆောင်ရွက် နေကြ ပါတယ်။

ဒီသီတင်းပတ်ကုန်ကျရင် တင်းပြည့်ကျပ်ပြည့် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု လာရောက်လုပ်ကိုင်နိုင်အောင် ကနဉီးအဖွဲ့က အခြေအနေတွေကို အရင် စုံစမ်း လေ့လာနေ ပါတယ်။

ဆီးရီးယားမှာ အပစ်အခတ် ရပ်စဲရေး တွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လုပ်ဆောင်ဖို့ ရှိခဲ့ပေမယ့် အတိုက်အခံတွေ အပြောအရ ဟုမ်းစ်မြို့မှာ အစိုးရဘက်က တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် နေတုန်း ပဲလို့ ဆိုပါတယ်။