အံ့မခန်း တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်လို့ ဘရီဗစ်ထွက်ဆို

  • 17 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အကောင်းအတွက် လုပ်တာ ဖြစ်လို့ တရားသေ လွှတ်ပေးဖို့ တရားရုံးကို တောင်းဆိုသွား

နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လက လူ ၇၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အန်ဒါးစ် ဘဲရင်း ဘရီဗစ်ခ်က သူဟာ ဒုတိယ ကမ္ဘာစစ် ပြီးနောက် ဥရောပမှာ အကြီးကျယ်ဆုံးသော တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ဆိုပြီး တရားရုံးမှာ သူ့ကိုသူ ချီးကျူး ပြောကြားသွားပါတယ်။

ဒါပေမယ်လို့ အခုလို လုပ်ဆောင်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အကောင်းအတွက် ဖြစ်တာကြောင့် သူ့ကို တရားသေ လွှတ်ပေးဖို့ တရားရုံးကို တောင်းဆိုသွားပါတယ်။

သူဟာ ဥရောပနဲ့ နော်ဝေနိုင်ငံကို ရွှေ့ပြောင်း ဝင်ရောက်လာသူတွေနဲ့ ယဉ်ကျေးမှု ရောနှော သွားမယ့် အန္တာရာယ်ကနေ နော်ဝေနဲ့ ဥရောပ ပြည်သူတွေ အတွက် ကာကွယ်ပေးနေတာ ဖြစ်တယ်လို့ ဘရီဗစ်က ပြောပါတယ်။

သူ့ရဲ့ထွက်ဆိုချက်တွေ မပြီးခင်မှာပဲ အဓိက တရားသူကြီးကနေ ကြားနာမှုကို ရပ်ဆိုင်း လိုက်ပါတယ်။ ထွက်ဆိုချက်ကို ကြားနားဖို့ အတွက် ၅ ရက်လောက် ကြာမြင့်နိုင် ပါတယ်။

ရုပ်မြင်သံကြားကနေ သူ့ရဲ့ သက်သေ ထွက်ဆိုနေမှုတွေကို တိုက်ရိုက် ထုတ်လွှင့်ဖို့ကို တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။