ဆေ့ဖ်ကဒါဖီကို လစ်ဗျားမှာပဲ တရားစီရင်ဖို့ ညှိနှိုင်းနေ

  • 17 ဧပြီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆေ့ဖ်ကဒါဖီကို လစ်ဗျားနိုင်ငံထဲမှာပဲ ICC ရဲ့ ကြီးကြပ်မှုအောက်မှာ စစ်ဆေးဖို့ ညှိနှိုင်းနေ

ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင် ဟောင်း ကဒါဖီရဲ့ အားအထားရဆုံးသား ဆေ့ဖ် အယ်လ် အစ္စလာမ် ကဒါဖီ ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC က သူတို့ဆီ လွှဲပေးဖို့ တောင်းဆိုနေမှုကို ပြန်ရုပ်သိမ်းပေးမယ့် အနေအထားရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ကဒါဖီရဲ့ အရိုက်အရာကိုတောင် ခံရနိုင်တယ်လို့ ပြောခဲ့ကြတဲ့ သူ့သား ဆေ့ဖ်ကဒါဖီကို ဘယ်နေရာ မှာ ဘယ်သူက တရားစီရင်မလဲဆိုတဲ့ ကိစ္စဟာ သူအဖမ်းခံရတဲ့ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ကတည်းက အပြင်းအထန်ဆွေးနွေး အငြင်းပွားနေရတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ the Hague မြို့မှာ ရှိတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကတော့ ဆေ့ဖ်ကဒါဖီကို လူမဆန်စွာ ပြုမူတဲ့ ရာဇဝတ်မှုနဲ့ စစ်ဆေး အရေးယူနိုင်ဖို့ သူတို့ရဲ့ ခုံရုံးကို လွှဲပေးဖို့ တောင်းဆို ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် လစ်ဗျားအာဏာပိုင်တွေဘက်က ဆေ့ဖ်ကဒါဖီကို အခုချိန်ထိ လွှဲမပေးခဲ့ပါဘူး။ အခုနောက်ဆုံး လစ်ဗျား တရားမျှတရေးဝန်ကြီးဌာနက ပြောတာကတော့ မစ္စတာ ဆေ့ဖ်ကဒါဖီကို လစ်ဗျား နိုင်ငံတွင်းမှာ တရားစီရင်နိုင်ဖို့ ICC နဲ့ သဘောတူညီမှုရဖို့ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ ပြောပါတယ်။

ဒါပေမယ့် ICC ရဲ့ လုံခြုံရေးနဲ့ ဥပဒေဆိုင်ရာ ကြီးကြပ်မှုနဲ့ လုပ်ကောင်း လုပ်နိုင်မယ်လို့ ပြောပါတယ်။ ICC ရဲ့ ရှေ့နေချုပ် လူးဝစ် မော်ရီနို အိုကမ်ပိုကလည်း ဒီတပတ်အတွင်းမှာပဲ လစ်ဗျားကို သွားပြီး အပြီးသတ် ဆွေးနွေးဖို့ ရှိနေပါတယ်။

လစ်ဗျားမြို့တော် ထရစ်ပိုလီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျွန် ဒိုနီဆန်ကို သံတမန်တစ်ဉီး ပြန်ပြောပြတာကလည်း သဘောတူညီမှုရဖို့က အတော်နီးစပ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်း ရုံးတင်စစ်ဆေးနိုင်ဖို့က လအတော်၊ ကြာကောင်း ကြာနိုင်တယ်လို့လည်း လစ်ဗျား အာဏာပိုင်တွေဘက်က ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြတာကလည်း ဆေ့ဖ်လို့ နာမည်ကြီး ပုဂ္ဂိုလ်မျိုးကို တရားစီရင်ဖို့က လစ်ဗျားမှာ ရှိတဲ့ တရားစီရင်ရေး စနစ်နဲ့တင် ကိုင်တွယ်နိုင်မယ့် အနေအထား မရှိဘူးလို့ ပြောပါတယ်။

အသက် ၃၉ နှစ်ရှိ ဆေ့ဖ် အယ်လ် အစ္စလာမ်ကို လောလောဆယ် လစ်ဗျားက ဇင်တန်နယ် အတွင်းက ပြည်သူ့စစ်အဖွဲ့ တစ်ခုကနေ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကလည်း ဆေ့ဖ် အယ်လ် အစ္စလာမ်ကို လစ်ဗျားအစိုးရဆီကို ဘယ်တော့ လွှဲပေးမလဲဆိုတာ အရိပ် အမြွက် ပြောတာတောင် မရှိသေးပါဘူး။

တကယ်လို့ ဆေ့ဖ် အယ်လ် အစ္စလမ်ကို လစ်ဗျားမှာ တရားစီရင်မယ်ဆိုရင်တော့ သူဟာ သေဒဏ် ကျဖွယ် ရှိနေပါတယ်။