ဒေါ်စု နိုင်ငံခြားခရီးစဉ် ဇွန်လ အတွင်း စတင်မှာ ဖြစ်

  • 18 ဧပြီ 2012
dassk ဓာတ်ပုံ မူပိုင် AP
Image caption နော်ဝေကို ပထမဆုံး သွားမယ့် နိုင်ငံ အဖြစ် အရင် က ဒေါ်စု ပြောခဲ့

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ အတွင်းမှာ နော်ဝေ နဲ့ ဗြိတိန် နိုင်ငံ တွေ ကို သွားရောက် ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်မှာ အစဦးဆုံးသွားမယ့် နိုင်ငံ က နော်ဝေ နိုင်ငံ ဖြစ်ကြောင်း NLD အတွင်းရေးမှူး အဖွဲ့ဝင် ဖြစ်တဲ့ ဦးဉာဏ်ဝင်း ကပြောပါတယ်။

အရင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နေတဲ့ ကာလမှာ နိုင်ငံခြားနိုင်ငံတွေ က ဖိတ်ခေါ် ခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် က ပြည်ပ ခရီး မထွက်ခဲ့ပါဘူး၊ မြန်မာပြည် ပြန်ခွင့် အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် ကြောင့် အဲဒီအချိန် က မသွားတာလို့ အများ က ထင်ကြေး ပေးကြပါတယ်။

မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေတာတွေ၊ အခု ကြားဖြတ်ရွေးကောက်ပွဲ မှာလည်း လွှတ်တော် ကိုယ်စားလှယ် တဦးအဖြစ် အနိုင်ရထားတာ ကြောင့် ဒီအချိန် သူ ပြည်ပ ခရီးထွက်တာ က ပြဿနာ မဖြစ်နိုင်ပါဘူး လို့ တွက်ဆ ကြပါတယ်။

နော်ဝေနိုင်ငံခြားရေး ဝန်ကြီး ဌာန က ပြန်ကြားရေး အရာရှိ တဦး ဖြစ်တဲ့ ဆဗင် မက်ကာဆင် က ဒေါ်အောင်ဆန်းစုကြည် နော်ဝေ ကို လာလည် မယ့် ခရီးစဉ် က သမိုင်းဝင်မယ့် ခရီးစဉ် ဖြစ် မယ့် အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နော်ဝေ ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံမှာ ဖြစ် ကြောင်း ပြောပါတယ်။