ICC ရှေ့နေချုပ် လစ်ဗျားရောက်ရှိ

  • 18 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဆေ့ဖ်ကဒါဖီကို ICC ရဲ့ ကြီးကြပ်မှုနဲ့ တရားစီရင်ရေး၊ သဘောတူညီမှု ရတော့မယ်

နိုင်ငံတကာ ရာဇဝတ်မှုခုံးရုံး ICC ရဲ့ ရှေ့နေချုပ် လူးဝစ် မိုရန်နို အိုကမ်းပါးဟာ လစ်ဗျား ခေါင်းဆောင်ဟောင်း မွန်မာ ကဒါဖီရဲ့သား ဆေ့ဖ် အဲလ် အစ္စလာမ် ကဒါဖီရဲ့ ရှေ့ကံကြမ္မာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် လစ်ဗျားနိုင်ငံ ကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။

မစ္စတာ ဆေ့ဖ်ကဒါဖီကို လူသားတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဖို့ အတွက် နယ်သာလန်နိုင်ငံက ICC ကို ပို့ပေးဖို့ တောင်းဆိုမှုတွေ အပေါ်လစ်ဗျား ကြားဖြတ် အစိုးရက ငြင်းဆိုထားပါတယ်။

အခုတော့ မစ္စတာ ဆေ့ဖ် ကဒါဖီကို လစ်ဗျားနိုင်ငံထဲမှာပဲ ICC ရဲ့ ကြီးကြပ်မှုအောက်ကနေ တရားစီရင်ရေး အတွက် သဘောတူညီချက်ရဖို့ နီးကပ်လာနေပြီဖြစ်တယ်လို့ ဒီအမှုနဲ့ ပတ်သက်နေတဲ့ အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသွားပြီ ဖြစ်တဲ့ မွန်မာကဒါဖီရဲ့ အားအထားရဆုံး သားဖြစ်သူ မစ္စတာ ဆေ့ဖ်ကဒါဖီကို နိုဝင်ဘာလက ဖမ်းဆီးမိပြီး၊ အခုအချိန်မှာတော့ သူကို လစ်ဗျားနိုင်ငံ ဇီတန်ဒေသက ကဒါဖီကို ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့စစ်တွေက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။