အိန္ဒိယနိုင်ငံက မစ်ဆိုင်းဒုံးလက်နက်လွှတ်တင်

  • 19 ဧပြီ 2012
အိန္ဒိယကတင်လွှတ်တဲ့ ဒုံးလက်နက်
Image caption အိန္ဒိယကတင်လွှတ်တဲ့ ဒုံးလက်နက်

အိန္ဒိယကာကွယ်ရေးသုတသနအဖွဲ့ DRDO ရဲ့ ပြောခွင့်ရသူ Ravi Gupta သူတို့ စမ်းသပ်လိုက်တဲ့ မစ်ဆိုင်းဒုံးလက်နက်ဟာ အထစ်အငေါ့လုံးဝမရှိဘဲ ပစ်မှတ်ကို တိုက်ရိုက်ထိမှန် ခဲ့တယ်လို့ပြောပါတယ်။ ကမ္ဘာမှာ ကီလိုမီတာ ၅၀၀၀ အထိတာဝေးပစ်နိုင်တဲ့ဒုံးလက်နက်ပိုင်တာဆိုလို့၊ တရုတ်၊ ရုရှ၊ ပြင်သစ်၊ အမေရိကန်နဲ့ ဗြိတိန် ငါးနိုင်ငံသာရှိတာမို့ အိန္ဒိယဟာ ဒီနည်းပညာကိုပိုင်ဆိုင်တဲ့ ခြောက်ခုမြောက် နိုင်ငံဖြစ်လာပါပြီ။ အိန္ဒိယဝန်ကြီးချုပ် မာမိုဟန် ဆင်းက ဒီအောင်မြင်တဲ့စမ်းသပ်မှုအတွက် သိပ္ပံပညာရှင်တွေကို ချီးကျုးလိုက်ပြီး ဒါဟာအိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ သိပ္ပံပညာတို့အတွက် မှတ်တိုင်သစ်စိုက်ထူလိုက်တာဖြစ်တယ်လို့ပြောပါတယ်။

Agni - five အမျိုး အစား ဒီတာဝေးပစ်ဒုံးလက်နက် တွေကို ၂၀၁၄ - ၂၀၁၅ ခုနှစ် လောက်မှာ စတင်ချထားနိုင်တော့မှာပါ။ ဒီဒုံးပျံဟာ တတန်ခွဲ အလေးချိန်ရှိတဲ့ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်မှာဖြစ်ပြီး ပြိုင်ဖက်တရုတ်နိုင်ငံရဲ့ အတွင်းပိုင်းထဲအထိ ရောက်အောင် ပစ်ခတ်နိုင်မယ့်စွမ်းရည်ရှိပါတယ်။ တရုတ်အစိုးရကတော့ ဒါဟာသူတို့အတွက်ခြိမ်းခြောက်မှုတခုအဖြစ် မမြင်ပါဘူးလို့ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Liu Weimin က၊ နှစ်နိုင်ငံ ရင်းနှီးတဲ့ မဟာဗျူဟာ ပူးပေါင်း ဆက်ဆံမှု နဲ့အတူဒေသတွင်း တည်ငြိမ်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကဆိုပါတယ်။

ဂျပန်နိုင်ငံကလည်းဒီဒုံးလက်နက်စမ်းသပ်မှုနဲ့ပတ်သက်ပြီးသုံးသပ်နေတယ်လို့ပြောပါတယ်။ CCTV တရုတ် အစိုးရ ရုပ်မြင်သံကြားအစီအစဉ်ကတော့ ဒီဒုံးပျံကို ရာသီဥတုကောင်းတဲ့အချိန်အထိစောင့်ဆိုင်းပြီးမှစမ်းသပ်တာမို့ တကယ်အလုပ်ဖြစ်ဖို့ထက် ထုတ်ပြဖို့ ရည်ရွယ်ပုံ ရတယ်လို့ ဆိုပါတယ်။ အိန္ဒိယ နိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းကလည်း တာလတ်ပစ် Agni - two အမျိုးအစားဒုံးလက်နက်ကိုစမ်းသပ်ခဲ့ပါသေးတယ်။ အခုစမ်းသပ်လိုက်တဲ့ Agni - five ဒုံးပျံကတော့ စတင်လွှတ်ချိန်မှာ တန်ငါးဆယ် အလေးချိန်ရှိပြီး သုံးဆင့်ပစ်ရတဲ့ ဒုံးပျံဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဒုံးပျံ တစင်းကို ဒေါ်လာ သန်း ၄၈၀ ကုန်ကျစားရိတ်ရှိတယ်လို့ဆိုပါတယ်။