ဆီးရီးယားကို ကန်သစ် ဖိအားပေး

  • 20 ဧပြီ 2012
clinton ဓာတ်ပုံ မူပိုင်
Image caption အပစ်ရပ် အစီအစဉ် မအောင်မြင်တော့ဘူးလို့ဆို

ပါရီမြို့ အစည်းအဝေးမှာ အမေရိကန် နဲ့ ပြင်သစ် နိုင်ငံတွေက ဆီးရီးယား အပေါ် စစ်ရေးအရ စွက်ဖက်ဖို့ မပြောတော့ ပေမယ့် တင်းမာစွာ ဆက်ဆံ ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တကမ္ဘာလုံးက လက်နက် တင်ပို့မှု ပိတ်ဖို့ တောင်းဆို ခဲ့သလို ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အလန်ယပ်ပေး ကလည်း ဆီးရီးယား အစိုးရက ဒီကြေကွဲစရာ ဖြစ်ရပ်တွေကို မရပ်တန့်ရင် တခြား နည်းလမ်း ရှာရမယ်လို့ ဆိုပါတယ်။

အပစ်အခတ်တွေ ရပ်တန့် မသွားဘဲ ကိုဖီ အာနန်ရဲ့ အပစ်ရပ် အစီအစဉ် မအောင်မြင် တော့တဲ့ သက်သေတွေကို ပြပြီး သူတို့ဘက်က ဒီလိုတောင်းဆို ခဲ့ကြတာပါ။

ဆီးရီးယားကို တိုးချဲ့ လေ့လာရေး အဖွဲ့ စေလွှတ်ခွင့် ပြုဖို့လည်း လုံခြုံရေး ကောင်စီကို ကုလ သမဂ္ဂ အတွင်းဝန်ချုပ် ဘန်ကီမွန်က တောင်းဆို လိုက်ပါတယ်။

ဆီးရီးယား နိုင်ငံတွင်းနဲ့ နယ်စပ် တလျောက်မှာ လူမှု ကယ်ဆယ်ရေး အခြေအနေတွေ ပိုဆိုးရွား လာတာနဲ့ ပတ်သက်ပြီးလည်း ဆီးရီးယား အစိုးရကို မစ္စတာ ဘန်ကီမွန်က ဆက်လက် ဝေဖန် ခဲ့ပါတယ်။

ပြည်သူ ၂ သိန်း ၃ သောင်းကျော် ထွက်ပြေး တိမ်းရှောင် နေရပြီး မှန်းခြေ လူ တသန်းလောက် အကူအညီ လိုအပ် နေတယ်လို့ သူက ဆိုပါတယ်။

ဆီးရီးယား အစိုးရ ဆီက ကတိကဝတ် တွေ ရခဲ့ပေမယ့်လည်း လက်တွေ့မှာ ဘာမှ မယ်မယ်ရရ တိုးတက် မလာတာက လက်ခံနိုင် စရာ မဟုတ်ဘူးလို့ မစ္စတာ ဘန်က ဆိုပါတယ်။

အခြေအနေ သိပ် အရေးကြီးတာကို နားလည်လက်ခံပြီး ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ ဝင်ခွင့်ပေးဖို့၊ အကူအညီ လိုအပ်နေသူတွေ အတွက် ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ စီစဉ်ခွင့် ပြုဖို့ကိုလည်း ဆီးရီးယား ကို သူက တောင်းဆို ခဲ့ပါတယ်။