ကာဘူးမြို့ ဗုံးခွဲဖို့ ကြံသူတွေကို ဖမ်းမိ

  • 21 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အလေးချိန် ၁၀ တန်ရှိတဲ့ ဖေါက်ခွဲပစ္စည်းတွေ တင်ထားတဲ့ ကုန်ကားနဲ့အတူ ဖမ်းဆီးမိ

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးမှာ ကြီးမားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတခုကို ပြုလုပ်ဖို့ ကြံစဉ်ခဲ့သူ တာလီဘန် စစ်သွေးကြွ ၅ ဦးကို ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးမိခဲ့တယ်လို့ အာဖဂန် ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

ပါကစ္စတန်လူမျိုး သုံးဦးနဲ့ အာဖဂန် ၂ ဦးကို အလေးချိန် ၁၀ တန်ရှိတဲ့ ဖေါက်ခွဲပစ္စည်းတွေကို ထရပ်ကားတစီးနဲ့ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဖေါက်ခွဲပစ္စည်းတွေကို အာလူးတွေ အောက်မှာ အိတ်ပေါင်း ၄၀၀ နဲ့ ဝှက်ပြီး တင်လာတာလို့ အာဖဂန် ထောက်လှမ်းရေးက ပြောပါတယ်။

အခုလောက် ပမာဏများတဲ့ ဖေါက်ခွဲပစ္စည်းတွေ သုံးပြီး ဖေါက်ခွဲခဲ့မယ်ဆိုရင် ထိခိုက် သေကျေ မယ့် အတိုင်းအတာဟာ မနည်းလှဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကားဘူးမြို့နဲ့ တခြားပြည်နယ်သုံးခုမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားစဉ် အတွင်း အခုလို ဖမ်းဆီးမိလိုက်တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားတုန်းကလည်း လူပေါင်း ၅၀ လောက်သေဆုံးသွားခဲ့ ပါတယ်။

အခုဖမ်းဆီးထားတဲ့သူတွေက သူတို့ဟာ ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီ ISI နဲ့ ဆက်သွယ်မှုရှိတယ်လို့ ဝန်ခံသွားကြောင်း အာဖဂန် အရာရှိတဦးက ပြောပါတယ်။