ကုလစောင့်ကြည့်ရေးအဖွဲ့ ဟုမ်းစ်မြို့ထဲ ဝင်ခွင့်ရ

  • 21 ဧပြီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption ဟုမ်းစ်မြို့ကို ပထမဦးဆုံးအကြိမ် သွားရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်

ဆီးရီးယား အတိုက်အခံတွေရဲ့ အမာခံ ဒေသ ဖြစ်တဲ့ ဟုမ်းစ်မြို့ကို ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ငယ် တခုဟာ ပထမဦးဆုံးအ ကြိမ် သွားရောက်ခွင့်ရ ရရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီ ဟုမ်းစ်မြို့ဟာ အစိုးရ စစ်တပ်ရဲ့ အမြောက်တွေနဲ့ ပစ်ခတ်မှုကို ခံနေရတဲ့ မြို့ဖြစ်ပါတယ်။

စောင့်ကြည့် လေ့လာသူတွေဟာ ဟုမ်းစ်မြို့ အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီး၊ မြို့ရဲ့ ထိခိုက် ပျက်စီးနေမှုတွေကိုလည်း တွေ့ရှိခွင့် ရခဲ့ ပါတယ်။

အစိုးရက ဟုမ်းစ်မြို့ကို အမြောက်တွေနဲ့ သီတင်းပတ်များစွာ ပစ်ခတ်နေရာမှာ၊ ပြီးခဲ့တဲ့ စနေနေ့ကမှ ပစ်ခတ်မှုတွေကို ရပ်တန့်ခဲ့တာ ဖြစ်တယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူ တွေက ပြောပါ တယ်။

နောက်ပြီး အစိုးရတပ်ဟာ သူတို့ရဲ့ တင့်ကားတွေကိုလည်း လူမြင်ကွင်းကနေ ဖျောက်ထား တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စောင့်ကြည့်သူ အရေအတွက် ကို ၃၀၀ အထိ တိုးမြှင့်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ဖို့ နာရီပိုင်း အလိုမှာပဲ ဆီးရီးယား အစိုးရ အနေနဲ့ အခုလို ကုလသမဂ္ဂ အဖွဲ့ငယ်တခုကို ဟုမ်းစ်မြို့ထဲ သွားခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။