ယူရိုဇုန် စည်းကမ်းညှိမရလို့ နယ်သာလန် အစိုးရအဖွဲ့ နှုတ်ထွက်

  • 23 ဧပြီ 2012
Image caption နယ်သာလန် ဝန်ကြီးချုပ် Mark Rutte

နယ်သာလန် နိုင်ငံမှာ ဥရောပ သမဂ္ဂရဲ့ ဘတ်ဂျက်ဆိုင်ရာ စည်းကမ်းတွေ နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ နှုတ်ထွက် သွားတာကြောင့် တိုင်းပြည်မှာ အုပ်ချုပ်ရေး အဖွဲ့ ပျက်သွားပါတယ်။

လာမယ့် သီတင်းပတ်အတွင်း နောက်လာမယ့် အိမ်စောင့် အစိုးရအဖွဲ့က ဥရောပ သမဂ္ဂ တောင်းဆိုတဲ့ ကြွေးမြီ လျှော့ချရေး အချက်တွေနဲ့ အညီ ဘတ်ဂျက်ကို ပြင်ဆင်နိုင်မလား ဆိုတာကို နှုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် Mark Rutte က ပါလီမန်မှာ အခု ပြောကြားရတော့မှာပါ။

ဒါ့အပြင် လာမယ့် ဇွန်လ အစောပိုင်းလောက်မှာ ကျင်းပဖြစ်လိမ့်မယ့် ရွေးကောက်ပွဲ ရက်ကိုလည်း မစ္စတာ ရက်ထ်က ကြေညာ ရတော့မှာ ဖြစ်ပါတယ်။

ယူရို သန်းခြောက်ထောင် တန် ခြိုးခြံချွေတာရေး အစီအစဉ်ကို ပါလီမန်မှာ အတည်ပြု ချက်ရဖို့ အစိုးရအဖွဲ့က ကြိုးပမ်းနေတာ သီတင်းပတ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အတိုက်အခံ လက်ျာယိမ်း လွတ်လပ်ရေး ပါတီ ခေါင်းဆောင် Geert Wilders က ဥရောပ သမဂ္ဂ အနေနဲ့ ဒတ်ချ် အစိုးရကို သြဇာပေးလို့ မရဘူးလို့ ဆိုပြီး ဒီအစီအစဉ်ကို ထောက်ခံဖို့ ငြင်းခဲ့တာ ဖြစ်ပါတယ်။