မြောက်ကိုရီးယားက တောင်ပိုင်း ကို ခြိမ်းခြောက်

  • 23 ဧပြီ 2012
North Korea ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြောက်ကို ရီးယားက တိုက်မယ်လို့ တောင်ပိုင်းကို ခြိမ်းခြောက်နေ

မြောက် ကိုရီးယား ရဲ့ ပစ်မှတ် မှန်သမျှ ပြာပုံ ဖြစ်စေ ရမယ်လို့ တောင်ကိုရီးယား ဘက်ကို ပြင်းပြင်း ထန်ထန် သတိပေး လိုက်ပါတယ်။

သောကြာနေ့ ကပဲ မြောက် ကိုရီးယား မှာ တောင်ကို ရီးယား သမ္မတ သေပါစေ လို့ စီတန်း လှည့်လည် ပွဲကြီး လုပ်ခဲ့ ပါတယ်။

တောင်ကိုရီးယား ဘက်က မြောက်ဘက်ကို ဒုံးကျည်တွေ ပိုချ ထားမယ်လို့ အရင်ပတ်က သတိပေး ခဲ့လို့ ပါပဲ။

မြောက် ကိုရီးယားက မိုင် ၆ဝဝ ကျော်ထိ ချိန်ရွယ် ပစ်နိုင်တဲ့ ဒုံးကျည်တွေ တပ်စွဲ ထားတယ်လို့ တောင်ကိုရီးယား စစ်ဘက် ပြောခွင့်ရသူက ဆိုပါတယ်။

မြောက် ကိုရီးယားရဲ့ ထုတ်ပြန်ချက် ထဲမှာ တောင် ကိုရီးယား သမ္မတ လီမြောင်ဘက်၊ ကာကွယ်ရေး ဝန်ကြီးနဲ့ အကဲခတ်တွေ ၊ ရှေးရိုးစွဲ သတင်း သမားတွေ အားလုံးကို ကြွက်လို လူတန်းစား တွေလို့ ပုတ်ခတ် ထားပြီး လူထုရဲ့ မျှတတဲ့ သဘောထား ကို ဖျက်ဆီး နေကြ တယ်လို့ စွပ်စွဲ ထားပါတယ်။

သစ္စာဖောက် အုပ်စု စိန်ခေါ်တာကို တုံ့ပြန်တဲ့ အနေနဲ့ တော်လှန်ရေး တပ်တွေက မကြာခင် လှုပ်ရှား တော့မယ်လို့ လည်း မြောက် ကိုရီးယား ရုပ်သံက ဆိုပါတယ်။

ဧပြီ ၁၃ က မြောက် ကိုရီးယား ဒုံးပျံ မအောင် မမြင် ဖြစ်ပြီး နောက်ပိုင်း မြောက်ပိုင်းရဲ့ လေသံက ပိုပြင်းထန် လာတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

တောင်ကိုရီးယား ဘက်က ပေါင်းစည်းရေး ဌာန ပြောခွင့် ရသူ ကတော့ မြောက် ကိုရီးယား ဘက်က တိုးမြှင့် ခြိမ်းခြောက် စွပ်စွဲ လာတာဟာ နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမို ဆိုးရွား စေပြီး လမ်းမှား ရောက်အောင် လုပ်နေတာ ဖြစ်တယ်လို့ ဆိုရင်း တောင် ကိုရီးယား ဘက်က အထူး ကြောင့်ကြ မိတယ်လို့ ပြောကြား ခဲ့ပါတယ်။

၂ဝဝ၈ မှာ လက်ရှိ သမ္မတ လီမြောင်ဘက် တက်လာထဲ က နှစ် နိုင်ငံ ဆက်ဆံရေး တင်းမာ လာခဲ့ပါတယ်။

မစ္စတာ လီက အစားအစာ ကူညီရေးကို အနုမြူ လက်နက် ဖျက်သိမ်းရေး နဲ့ ယှဉ်ပြီး ဖိအား ပေးသူ ဖြစ်ပါတယ်။

မြောက် ကိုရီးယား ရဲ့ ဖခင်ကြီး ကင်အီဆွန်း ရာပြည့် အထိမ်း အမှတ် ဒုံးပျံ လွှတ်တာ ကို တောင်ဘက် က ဝေဖန် ခဲ့တဲ့ အတွက် ဆက်ဆံရေး ပို ဆိုးရွား လာတာ ဖြစ်ပါတယ်။

ဒါဟာ လူထု ဒေါသကို ဆွပေး နေတာ ဖြစ်တယ်၊ ပြည်သူ တရပ်လုံးနဲ့ တပ်မတော်သား တွေက ကြီးမြတ်တဲ့ ခေါင်းဆောင်မှု ကို ကာကွယ်ဖို့ ပြန် တိုက်ခိုက် လာနိုင် တယ်လို့ မြောက် ကိုရီးယား က ဆိုပါတယ်။

မြောက် ကိုရီးယား ရဲ့ အဓိက မဟာမိတ် တရုတ် အစိုးရ ကတော့ ဆက်ဆံရေး တွေ ပို နီးကပ်ဖို့ တနင်္ဂနွေ နေ့က နှိုးဆော် ခဲ့ပါတယ်။

တရုတ် အဆင့်မြင့် သံတမန် ဒိုင် ဘင်ဂေါ ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး ကို အဆင့်သစ် တခုမှာ ရင်းနှီးစွာ ပူးပေါင်း ကြဖို့ မြောက် ကိုရီးယား က ရောက်ရှိ လာတဲ့ အရာရှိ ကို ပြောကြား ခဲ့တယ် လို့ တရုတ် နိုင်ငံခြားရေး ဌာန ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။