ဆူဒန်က တောင်ပိုင်းဆူဒန်ကို ဗုံးကြဲ တိုက်ခိုက်

  • 23 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆူဒန်သမ္မတက တောင်ပိုင်းဆူဒန်နဲ့ စေ့စပ် ညှိနှိုင်း မှု မလုပ်ဘူးလို့ ပြောကြား

ဆူဒန်နဲ့ တောင်ပိုင်းဆူဒန် နှစ်နိုင်ငံ အကြား ပိုင်နက် အငြင်းပွားနေကြတဲ့ နယ်ခြားဒေသ ကနေ တောင်ပိုင်းဆူဒန် တပ်ဖွဲ့ဝင်တွေ အကုန်လုံး ပြန်ဆုတ်ခဲ့ပြီး နောက်တနေ့မှာ တော့ ဆူဒန်ဘက် ကနေ တောင်ပိုင်းဆူဒန်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုလို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် ဆူဒန်သမ္မတ အိုမာ အဲလ် ဘာရှားက တောင်ပိုင်း ဆူဒန်နဲ့ ဘယ်လို စေ့စပ်ညှိနှိုင်းမှု မျိုးကိုမှ လုပ်မှာ မဟုတ်ဘူးလို့ ပြောကြား လိုက်ပါတယ်။

တောင်ပိုင်းဆူဒန် အစိုးရဟာ သေနတ်နဲ့ ကျဉ်ဆံကိုသာ နားလည်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်လောက်က တောင်ပိုင်းဆူဒန်က သိမ်းခဲ့တဲ့ ဟက်လစ်ချ် ရေနံတွင်း အနီးက တပ်ဖွဲ့ဝင်တွေကို သမ္မတ အဲလ်ဘာရှား မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘန့်ကျူမြို့ အပြင်ဘက် နေရာတဝိုက်ကို ပြုလုပ်ခဲ့တဲ့ ဒီလေကြောင်း တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၁ ဦး သေဆုံးသွားပြီး၊ တခြားလူ အတော်များများ ဒဏ်ရာ ရရှိသွားပါတယ်။

တောင်ပိုင်းဆူဒန် စစ်တပ်အရာရှိ မက်ပေါက တောင်ပိုင်းဆူဒန် အစိုးရနဲ့ ဝန်ကြီးများ ကောင်စီကနေ တပ်တွေပြန်ရုပ်ဖို့ ဆုံးဖြတ် ခဲ့တာကို လက်ခံပြီး ပြန်ရုပ်ခဲ့ပေမယ့်၊ ဆူဒန် စစ်တပ်ဘက်ကတော့ အခုလို ကျူးကျော် ရန်စမှုတွေ ဆက်လုပ်နေတာ ဖြစ်လို့ တင်းမာမှု တွေကို ပိုမိုကြီးထွားလာစေခဲ့တယ်လို့ ပြောပါတယ်။