ငါးလုပ်ငန်းတင်ပို့မှု စံချိန်တင် မြင့်တက်

  • 24 ဧပြီ 2012
Shrimp
Image caption ပုဇွန်စျေးတွေ မြင့်တက်ခဲ့

မတ်လ ၃၁ မှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ငါးနဲ့ရေထွက်ပစ္စည်းတွေ ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်း ၆၅ဝ ကျော်ရရှိတဲ့အတွက် စံချိန်တင် အမြင့်ဆုံးရောင်းရတဲ့ နှစ် ဖြစ်ခဲ့ပါတယ်။

အရင်က အများဆုံးအနေနဲ့ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တုန်းက အများဆုံးအနေနဲ့ ဒေါ်လာ ၅၆၁ သန်းပဲ ရောင်းခဲ့ရပါတယ်။

အခုလို ရောင်းချရတဲ့ ငွေပမာဏ များလာတာဟာ တန်ချိန် အများကြီး ပိုမို ရောင်းချရလို့ မဟုတ်ပဲ တချို့ ရေထွက်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေ ပိုမြင့်လာတာကြောင့်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

စျေးကောင်းရတဲ့ ရေထွက်ပစ္စည်းတွေထဲမှာ ပင်လယ်ပုဇွန်၊ ပင်လယ်ထွက် ငါးကြီး ငါးကောင်းနဲ့ တရုတ်က ဝယ်ယူတဲ့ ဂဏန်း နဲ့ ငါးရှဉ့်တွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ နိုင်ငံခြားငွေ စျေးတွေ ကျလာတဲ့အတွက် မွေးမြူရေး ငါး နဲ့ ပုဇွန်ကန် လုပ်ငန်းတွေကတော့ အလုပ်မဖြစ်တဲ့ အပိုင်းတွေလည်း ရှိတယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။