ဆူဒန်နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် တရုတ်တိုက်တွန်း

  • 24 ဧပြီ 2012
Sudan ဓာတ်ပုံ မူပိုင် BBC World Service
Image caption တောင်ပိုင်း ဆူဒန် စစ်သားများ

ဆူဒန်နိုင်ငံနဲ့ တောင်ပိုင်းဆူဒန်နိုင်ငံတို့ ပဋိပက္ခဖြစ်ပွားနေရာမှာ နှစ်ဘက်စလုံးကနေ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

နှစ်နိုင်ငံစလုံးအနေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုကာ တနိုင်ငံရဲ့ အချုပ်အချာကို တခြားနိုင်ငံက လေးစားကြမယ်လို့ မျှော်လင့်တယ်လို့ တရုတ်သမ္မတ ဟူဂျင်တောင်က ပြောကြောင်း တရုတ် ရုပ်မြင်သံကြားတစ်ခုက ကြေငြာခဲ့ပါတယ်။

တောင်ပိုင်းဆူဒန်နိုင်ငံ ခေါင်းဆောင် ဆယ်လ်ဗာ ကီးယားဟာ တရုတ်အစိုးရနဲ့ ဆွေးနွေးဖို့ ဘေးဂျင်းမြို့ကို ရောက်နေပြီး ဆူဒန်ဟာ သူ့နိုင်ငံကို စစ်ကြေငြာတယ်လို့ သူက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

တောင်ပိုင်းဆူဒန် ပိုင်နက်ထဲကို ဆူဒန် စစ်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်လို့ စစ်သားနဲ့ လယ်သမားတွေ အပါအဝင် လူတွေ ထိခိုက် ဒဏ်ရာရနေကြတယ်လို့ သိရပါတယ်။