ချားစ်တေလာ အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်

  • 26 ဧပြီ 2012
Charles Taylor ဓာတ်ပုံ မူပိုင် BBC World Service
Image caption တရားရုံးမှာ တွေ့ရတဲ့ ချားစ်တေလာ

လိုက်ဘေးရီးယား ခေါင်းဆောင်ဟောင်း ချားစ်တေလာကို အပြစ်ရှိကြောင်း သည်ဟိတ်မြို့ မှာရှိတဲ့ အထူးခုံရုံး တစ်ခုကနေ ဆုံးဖြတ်ခဲ့ ပါတယ်။ သူဟာ လူမဆန်စွာ ပြုမူတဲ့ ရာဇဝတ်မှု၊ လူသတ်မှု၊ အဓမ္မပြကျင့်မှု၊ အကြမ်းဖက်မှုတွေမှာ ကူညီအားပေးခဲ့ကြောင်း တွေ့ရှိရတယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ပြည်တွင်းစစ် အတွင်း အိမ်နီးချင်း ဆီးရာလီယွန်းက RUF သူပုန်အဖွဲ့ကို မစ္စတာ တေလာက ကူညီ ပံ့ပိုးမှု လုပ်ခဲ့တဲ့ ကိစ္စတွေဟာ ရာဇဝတ်မှု မြောက်နေတယ်လို့ တရားသူကြီးက ပြောပါတယ်။

ဆီရာလီယွန်း ပဋိပက္ခတွေ အတွင်း သူပုန်အဖွဲ့ကနေ သတ်ဖြတ်တာ၊ မတရားပြုကျင့်တာနဲ့ ကိုယ်လက် အင်္ဂါဖြတ်တောက်မှုတွေ လုပ်ခဲ့တာဟာ သက်သေ အထောက်အထား ပြနိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။

ဒါပေမယ့် ဒီပြစ်မှုတွေ အားလုံးကို ချားစ်တေလာ တစ် ဦးတည်းက အပြစ်ရှိ နေသလား ဆိုတာကိုတော့ တရားသူကြီးက မပြောပါဘူး။ ဒီတရားရုံး ဆုံးဖြတ်ချက်ဟာ ချားစ်တေလာကို တရားစွဲ ရုံးတင်စစ်ဆေးပြီး ငါးနှစ်နီးပါး အကြာကျမှ ဆုံးဖြတ်ချက် ချနိုင်တာ ဖြစ်ပါတယ်။