မျက်မမြင် တရုတ်နိုင်ငံရေးလှုပ်ရှားသူ အကျယ်ချုပ်က ထွက်ပြေးလွတ်မြောက်

  • 27 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သံရုံးထဲ ခိုလှုံလိုက်တဲ့ Chen Guangcheng

တရုတ် နိုင်ငံက အထင်ရှားဆုံး နိုင်ငံရေး လှုပ်ရှားသူ မျက်မမြင် တစ်ယောက် ဖြစ်တဲ့ Chen Guangcheng ဟာ နိုင်ငံ အရှေ့ပိုင်း နေအိမ်အကျယ်ချုပ် ကနေ လွတ်မြောက် သွားခဲ့ ပါတယ်။

ချန်ဂေါင်ချမ်း ကို တရုတ် အစိုးရ က ၂၀၀၆ ခုနှစ် က ဖမ်းပြီး ထောင်ဒဏ် ၄ နှစ် အပြစ်ချ ခဲ့ဘူးပါတယ်။

အဲဒီ ပြစ်ဒဏ် ပြီး ၂၀၁၀ မှာ အိမ်ပြန်ရောက် ပြီး နောက်ပိုင်း ခဏ အကြာ မှာ ပဲ သူ့ ကို နေအိမ်ကနေ အပြင် ထွက်မရတော့ ပဲ နေအိမ်အကျဉ်း ကျ တာ ခံနေရတာ ပါ။

အခု ပြီးခဲ့တဲ့ တနဂ်နွေနေ့ မလွတ်မြောက်ခင် အချိန်ထိ ချန် က တရုတ်အမျိုးသမီး တွေ ကို အတင်းအကြပ်ဖိအားပေးပြီး ကိုယ်ဝန်ဖျက်ချ ခိုင်းတာ အတင်းအကြပ် သားကြောဖြတ် တာတွေ လုပ်ဆောင်နေကြတယ် လို့ ဆိုတဲ့ သတင်းတွေ ထုတ်ပြန်ပြီး တားဆီး ဖို့ လှုံ့ဆော်ခဲ့တဲ့ နောက်ပိုင်း အဖမ်းခံခဲ့ရတာပါ။

ငယ်ငယ် ကလေးထဲ က မျက်မမြင် ဖြစ်နေတဲ့ Chen Guangcheng ဟာ ပုံမှန်ကျောင်းတွေ မတက်နိုင်ခဲ့ဘူး ။

ဒါပေမယ့် ဥပဒေကို လေ့လာကာ ဒီဒေသခံ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ ဥပဒေ ကိုချိုးဖောက် ကြောင်း သူ က ထောက်ပြ ပြောဆို နေခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း barefoot lawyer ဘိနပ် ဗလာနဲ့ ရှေ့နေ ဆိုတဲ့ သူ့ သတင်း က ပျံ့နှံ့ လာတဲ့ အတွက် သူ့ အကြောင်း ကို သိကြသူ စိတ်ဝင်စား သူတွေ များ ပါတယ်။

အခု အိမ်အကျယ် ချုပ် ချထားခံရတဲ့ အချိန်မှာ သူ့ကို ထောက်ခံ သူတွေ သွားတွေ့ ဖို့ ကြိုးစားရာမှာ လည်း အရပ်ဝတ်လုံခြုံရေး ၀န်ထမ်းတွေ က ပိတ်ပင်တားဆီးခဲ့တဲ့ အဖြစ်တွေ ဖြစ်ဘူးပါတယ်။ သူနဲ့ သူ့မိသား စုတွေ ကို ဒေသခံ အာဏာပိုင်တွေ က ရိုက်နှက် တာတွေအထိ ကျူးလွန်ခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်လာ ဘူး သလို တခါ ကဆိုရင် သူ့ရဲ့ သမီး တဦး မူလတန်းကျောင်းတက် ခွင့် တောင် မရတဲ့ အထိ ဖြစ်ခဲ့ဘူး ပါတယ်။

အခု ရှန်ဒေါင်းပြည်နယ် ရွာ က သူအိမ် က နေ ဥယျာဉ် တံတိုင်းကို ကျော် လွတ်မြောက် သွားခဲ့ပြီး အမေရိကန် သံရုံးထဲ ခိုလှုံခဲ့တာ ဖြစ်တယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူ တယောက်က ပြောပါတယ်။

သူအခု လို လွတ်မြောက်လာခဲ့ ပေမယ့် လည်း သူ့လွတ်မြောက်ခဲ့မှု ကို အငြိုးထားကြမယ့် ဒေသခံ အာဏာပိုင်တွေ ကြောင့် ကျန်ခဲ့တဲ့ သူ့ ကလေးတွေနဲ့ သူ့အမျိုးသမီး ၊ သူ့ မိခင် တို့ ရဲ့ လုံခြုံရေး ကို စိုးရိမ်ပါကြောင်း သူ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒေသခံအာဏာပိုင်တွေ က ရွာတွေနယ်တွေ မှာ ဥပဒေမဲ့ ပြုနေတာ တွေ ကို မေးခွန်းထုတ်စရာ ဖြစ်နေပြီး ဒီ အာဏာပိုင်တွေ ပါတီ ကေဒါ တွေ ကို သူ့ဘာသူ လုပ်နေကြတာလား ဒါမှ မဟုတ် ဗဟို အစိုးရ ရဲ့ ခွင့်ပြုချက် နဲ့ လုပ်နေကြတာ ပါလား၊ ဒီအမေးရဲ့ အဖြေကို ဝန်ကြီးချုပ် အနေနဲ့ ရှင်းရှင်းလင်းလင်း အဖြေပေးဖို့ လိုနေပြီ လို့ နိုင်ငံရေး လှုပ်ရှား သူ ချန် က တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် ကို ဦးတည် ပြီး ပြောသွား ပါတယ်။