မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ဆန္ဒပြ

  • 28 ဧပြီ 2012
Image caption မြန်မာနိုင်ငံက ရွေးကောက်ပွဲကတောင် ပိုမို လွတ်လပ် မျှတမှု ရှိတယ်လို့ အီဘရာဟင်ပြော

မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော ဆန္ဒပြမှုတွေ ဖြစ်ပွား နေရာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ကာ၊ မီးသတ်ပိုက်တွေနဲ့ လည်း တားဆီးခဲ့ပါတယ်။

ဆန္ဒပြသူတွေက ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတချို့က မြို့တော် ကွာလာလမ်ပူ အလယ်မှာ ပိတ်ထားတဲ့ အကာအရံတွေကို ကျော်လွှားဖို့ ကြိုးစားရာမှာ ရဲကအခုလို မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ တားဆီးခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ အာဏာရပါတီကို အခွင့်အရေးပိုပေးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ တွေနဲ့ မဲပေးနိုင်သူ စာရင်းတွေ ကို ပြန်လည် ပြင်ဆင် မွန်းမံမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေ ကြတာပါ။

အာဏာရ ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ရဲ့ ညွန့်ပေါင်း အစိုးရကို လာမယ့် ရွေးကောက်ပွဲမှာ ပိုအကျိုးအမြတ် ရှိစေလိမ့်မယ်လို့ ဆန္ဒပြသူတွေက ယူဆထားတာ ဖြစ်ပါတယ်။

ရဲတွေရဲ့ ခန့်မှန်းချက်အရ ဆန္ဒပြသူတွေ ၂ သောင်း ၅ ထောင်လောက်ရှိမယ်လို့ ပြောပေမဲ့၊ မလေးရှား သတင်းတွေထဲမှာ လူပေါင်း ၈ သောင်းလောက်ရှိတယ်လို့ ဖေါ်ပြကြပါတယ်။

မလေးရှားပါလီမန်က အခုလအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေကို အတည်ပြုခဲ့ပေမယ့်၊ အဓိကကျတဲ့ ရွေးကောက်ပွဲ မသာမာမှု လုပ်နိုင်တာတွေကိုတော့ ပြောင်းလဲခဲ့ခြင်း မရှိဘူးလို့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဘရာဟင်က မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပြရာမှာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေကတောင် မလေးရှားနဲ့ စာရင် အတိုက်အခံ တွေ အတွက် ပိုပြီး လွတ်လပ်မျှတမှု ရှိတယ်လို့ ပြောကြားသွားပါတယ်။