ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံရောက်

  • 30 ဧပြီ 2012
_bankimoon ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာနိုင်ငံရောက် ဘန်ကီမွန်း

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု တွေကို ရှေးတိုး ဆောင်ရွက် နိုင်ရေး တွန်းအား ပေးဖို့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ နိုင်ငံမှာ ရောက်ရှိနေ ပါတယ်။

မစ္စတာ ဘန်ကီမွန်းက မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေဟာ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေ မျိုးမှာ ရောက်နေ ပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒီခရီးစဉ် မစမီကတော့ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ပြန်လည် ဆက်ဆံ နေပြီ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ တနင်္ဂနွေ နေ့က နေပြည်တော်ကို လေကြောင်း ခရီးနဲ့ သွားရောက်ခဲ့ တာဖြစ်ပြီး၊ တနင်္လာ နေ့မှာ တော့ မြန်မာ သမ္မတ ဉီးသိန်းစိန်နဲ့ တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ တော့ မစ္စတာ ဘန်ကီမွန်းဟာ လွန်ခဲ့တဲ့ ၂၀၀၉ ဇူလိုင် မှာ သူ မြန်မာ နိုင်ငံကို ရောက်ရှိ စဉ်က တွေ့ဆုံခွင့် မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မြန်မာ ပါလီမန်မှာလည်း မိန့်ခွန်း ပြောကြား သွားမှာ ဖြစ်ပြီး ဒါဟာ မြန်မာ ပါလီမန်မှာ မြန်မာ နိုင်ငံသား မဟုတ်သူက ပထမဆုံး အကြိမ် မိန့်ခွန်း ပြောကြား ခြင်းလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး မစ္စတာ ဘန်ကီမွန်းဟာ ရှမ်းပြည်နယ်ကို လည်း သွားရောက်မှာ ဖြစ်ပြီး ဘိန်းစိုက် တောင်သူတွေ အတွက် တခြား အသက်မွေး ဝမ်းကြောင်း မှုတွေနဲ့ အစားထိုး လုပ်ကိုင် နိုင်မယ့် ကုလသမဂ္ဂရဲ့ ဘိန်းပပျောက်ရေး အစီအစဉ် တွေကိုလည်း သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ မှာ ရောက်ရှိ နေတဲ့ ဘီဘီစီ ရဲ့ အရှေ့တောင် အာရှ ဆိုင်ရာ သတင်းထောက် ရေချယ်လ် ဟာဗီ ကတော့ အခုလို လာရောက်ကြတဲ့ ခရီးစဉ် တွေက မြန်မာ နဲ့ နိုင်ငံတကာ ဆက်ဆံ ရေးတွေ အရှိန် အဟုန်နဲ့ တိုးတက် နေတာကို ပြသ နေတာ ဖြစ်ကြောင်းနဲ့ နိုင်ငံ တကာ အစိုးရ တွေက မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေ လမ်းမှန် ပေါ်မှာ ရှိနေ ပြီး အဲဒီကနေ နောက်ဆက်တွဲ အဖြစ် ရင်းနှီး မြှုပ်နှံမှု တွေပါ ဆက်လုပ် လာနိုင်အောင် ကြိုးစား နေကြတာ ဖြစ်တယ်လို့ သုံးသတ် ထားပါတယ်။