နိုက်ဂျီးရီးယား တက္ကသိုလ်တခု တိုက်ခိုက်ခံရ

  • 29 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အစ္စလာမ် စစ်သွေးကြွတွေကြောင့် ကန်နိုမှာ ထိခိုက် သေဆုံးမှုတွေ များလှပါတယ်

နိုက်ဂျီရီးယားနိုင်ငံက အကြီးဆုံးမြို့ဖြစ်တဲ့ ကန်နိုမြို့မှာ သေနတ်သမားတွေက တက္ကသိုလ် တခုကို တိုက်ခိုက်ခဲ့လို့ လူပေါင်းအနည်းဆုံး ၁၅ ဦးလောက် သေဆုံးသွားပါတယ်။

တိုက်ခိုက်သူအတော်များများက ဘေယီရို တက္ကသိုလ် ဝန်းအတွင်းက ဘုရားကျောင်း နှစ်ခုမှာ ဝတ်ပြုဆုတောင်းနေကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါ တယ်။

ပေါက်ကွဲမှု အများအပြား ဖြစ်ပွားခဲ့တာကို ကြားခဲ့ရတယ်လို့လည်း မျက်မြင်တွေက ပြောသလို၊ လူအတော်များများလည်း ဒဏ်ရာရသွားကြတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

လဲကျနေတဲ့ အလောင်းတွေကို ဘေယီရို တက္ကသိုလ်ဝန်းထဲမှာ တွေ့နေရပြီး၊ စစ်တပ်ဖွဲ့တခု ကတော့ အဲဒီသေနတ်သမားတွေကို ရှာဖွေနေပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါ။ ဒါပေမယ့်လည်း အစ္စလာမ်စစ်သွေးကြွ ဘိုကို ဟာရမ်းအဖွဲ့ဟာ ကန်နိုမှာ အကြမ်းဖက် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကန်နိုပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘိုကို ဟာရမ်းအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း အနည်းဆုံး ၁၈၅ ဦးသေဆုံးသွားခဲ့ပါတယ်။