ဘာရိန်း ဆန္ဒပြသူကို ညှင်းပမ်း စော်ကားမှုတွေရှိ

  • 30 ဧပြီ 2012
Abdulhadi al-Khawaja ဓာတ်ပုံ မူပိုင် AP
Image caption Abdulhadi al-Khawaja အတွက် ဆန္ဒပြကြသူများ

ဘာရိန်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ဒီမိုကရေစီ ရေး တောင်းဆို ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ သူ Abdulhadi al-Khawaja ရဲ့ အမှုကို ပြန်တရားစီရင် မယ် ဆိုပြီး ဘာရိန်း တရားရုံးတခု ကနေ အမိန့် ထုတ်ပြန်လိုက် ပါတယ်။

Abdulhadi al-Khawaja ရဲ့ အမှုကို ပြန်သုံးသပ် မယ်ဆိုတာက သူ့ကို စစ်ဖက် တရားရုံး ကနေ ထောင် တသက်တကျွန်း ချထားတဲ့အမှု ကို အရပ်ဖက် တရားရုံးမှာ ပြန်ပြီး စစ်ဆေးမယ် လို့ဆိုတာပါ။

အခုသူတို့အားလုံးရဲ့ အမှုကို ပြန်လည် သုံးသပ်မယ်ဆိုတာ အောင်မြင်မှု သေးသေးလေးတခုလို့ ပြောရင်တောင် တကယ်တော့ သိပ်ထူးခြားမှုတော့ မရှိနိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အမှုစစ်နေတဲ့ ကာလအတွင်း Abdulhadi al-Khawaja ကိုဆက်ပြီး ဖမ်းထားဦးမှာပါ။ သူ့ဇနီးဖြစ်သူ Khadija al-Moussawi ကတော့ ဒါဟာ အဓိပ္ပါယ်မရှိဘူးလို့ တုံ့ပြန်ပါတယ်။

သူ့အနေနဲ့ အသေခံဖို့အထိ ပြင်ပြီးသားပါ။ သူ့ကိုလှောင်အိမ်ထဲမှာ ထားတာကို လက်ခံမှာ မဟုတ်ပါဘူး။ သူ့ဆုံးဖြတ်ချက်ကို လုံးဝထောက်ခံပါတယ်။ ဘာရိန်းမှာ အရပ်ဖက် တရားသူကြီးတွေ ဆိုတာကလည်း စစ်တပ်ယူနီ ဖောင်းကို အရပ်ဝတ်လဲထားတဲ့သူတွေပါ။ ဒီတော့ဘာမှထူးမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အပြုသဘောလုပ်နေပါတယ် ဆိုတာကို မီဒီယာမှာ ပြောရင်း အချိန်ဆွဲနေတာပါလို့ Abdulhadi al-Khawaja ရဲ့ ဇနီး Khadija al-Moussawi ကပြောပါတယ်။

၈၂ ရက်ကြာ အစာငတ်ခံဆန္ဒ ပြနေပြီး ဆေးရုံတင်ထားရတဲ့ သူ့ခင်ပွန်းဖြစ်သူကို တနင်္ဂနွေနေ့ တုန်းက သွားတွေ့ခဲ့ပြီး သူဟာ ခန္ဓာကိုယ် အလေးချိန် လေးပုံတပုံလောက် လျော့သွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေက အစာမစားတဲ့ သူ့ကို၊ နှာခေါင်းထဲကနေ ပိုက်နဲ့အစာတွေ သွင်းနေတယ်လို့လည်း ပြောပါတယ်။ ဆေးရုံကတော့ ဒါကိုမဟုတ်ဘူးလို့ ငြင်းပါတယ်။

အဖမ်းခံထားရစဉ်အတွင်း သူ့ကို ညှဉ်းပမ်းနှိပ်စက်ကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့ကြောင်းလည်း Abdulhadi al-Khawaja က စွပ်စွဲထားပါတယ်။

သူနဲ့အခြား လူ ၂၀ ကို ဒီမိုကရေစီတောင်းဆို ဆန္ဒပြမှုတွေ အတွင်း ဧပြီလ တုန်းက ဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးနဲ့ စီရင်ခဲ့တာပါ။ အဲဒီဆန္ဒပြမှုတွေ အတွင်းလူ ၆၀ လောက် သေဆုံးတယ် လို့ သတင်းတွေက ဆိုပြီး ဘာရိန်းဘုရင် Hamad က အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဒီမိုကရေစီအခွင့်အရေးတွေ ပေးဖို့နဲ့ အာဏာရ ဆွန်နီမူဆလင်တွေက လူများစုဖြစ်တဲ့ Shia မူဆလင် တွေကို ခွဲခြား ဆက်ဆံတာတွေ ရပ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။