အမေရိကန် အာဖဂန် မဟာဗျူဟာ စာချုပ် ချုပ်

  • 2 မေ 2012
afghanistan
Image caption အာဖဂန်မှာ ၂၀၁၄ နောက်ပိုင်းမှာလည်း ကန်တပ်တွေ ဆက်ထားဖို့ရှိ

အော်စမာ ဘင်လာဒင်ကို အမေရိကန် ရေတပ်က ကွန်မန်ဒိုတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တနှစ် တိတိ အကြာမှာ သမ္မတ အိုဘားမားဟာ ကြိုတင် ကြေညာထားခြင်းမရှိဘဲ ညအမှောင်ကို အကာ အကွယ်ယူပြီး ကာဘူးမြို့တော်ကို ဆိုက်ရောက် လာခဲ့ပါတယ်။

သူ့ကို အာဖဂန် သမ္မတ နန်းတော်ကို တန်းခေါ် သွားပြီး အဲဒိမှာ ဟာမစ်ခါဇိုင်းနဲ့ သဘောတူညီမှု တခုကို လက်မှတ်ရေးထိုးခဲ့ပြီး အာဖဂန်အစိုးရ ကို အမေရိကန်က ဆက်လက် ထောက်ခံ သွားမယ် ဆိုတာကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ခုလက်မှတ်ရေးထိုး သဘောတူညီမှု အရ အမေရိကန်တပ်တွေဟာ အာဖဂန်နစ္စတန်မှာ နောင်နှစ်ပေါင်းများစွာထိ ဆက်ရှိနေအုံးမှာ ဖြစ်တယ်လို့ ဘီဘီစီသတင်းထောက်က သတင်း ပေးပို့ ထားပါတယ်။

ဒီသဘော တူညီချက်ဟာ နှစ်နိုင်ငံကြား မဟာဗျူဟာ ကျတဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်မထိုးခင် အသွင် သဏ္ဍာန်အားဖြင့် ရင်းနှီးမှု ပြတဲ့ အဆင့်လို့ ပြောလို့ရပါတယ်။

တိုင်းတပါးက အမေရိကန်က အာဖဂန်နစ္စတန်မြေမှာ လာပြီး စစ်လာတိုက်နေတဲ့ ပုံစံ မပေါ်ပဲ အာဖဂန်နစ္စတန် အစိုးရရဲ့ တာလီဘန် စစ်ဆင်ရေးမှာ အမေရိကန်က ကလာကူပေးနေတဲ့ ပုံစံ ပေါ်စေတဲ့ သဘောတူညီမှု ဖြစ်ပါတယ်။

ဒီတော့ ဒီစာချုပ်ထဲမှာ ရေရှည် တည်ငြိမ်မှု အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေ ပါမယ်။

၂၀၁၄ နောက်ပိုင်းမှာ အာဖဂန် နစ္စတန်မှာ အမေရိကန် စစ်သား ဘယ်လောက်ဆက်ထားမလဲ၊ သူတို့ အလုပ်တွေက ဘာတွေလဲ ဆိုတာ ဒီသဘောတူ စာချုပ်မှာ ပါမှာ ဖြစ်ပါတယ်။

နောက်တခါ ဒေသတွင်း လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေးဘက်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး စတာတွေ ပါပါတယ်။

တဘက်မှာ သမ္မတ အိုဘားမားဟာ အမေရိကန် ပြည်သူတွေကိုလည်း အကြမ်းဖက် ခြောက် လှန့်သတ်ဖြတ်မှု ဆန့်ကျင် တိုက်ဖျက်ရေး စစ်ပွဲမှာ သူတို့ အစိုးရ ဘာတွေ လုပ်ဆောင် နေသလဲဆိုတာကို အစီရင်ခံခဲ့ပါတယ်။

၂၀၁၂ ဟာ ရွေးကောက်ပွဲနှစ် ဖြစ်တဲ့အလျောက် အကြမ်းဖက် ခြောက်လှန့်သတ်ဖြတ်မှု ဆန့် ကျင်တိုက်ဖျက်ရေး စစ်ပွဲကို ဒီမိုကရက်တစ်ပါတီ သမ္မတက အားသွန် ခွန်စိုက် လုပ်ပြပြီး မဲဆွယ်စည်းရုံးတာလည်း ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ဝါရှင်တန် ဒီစီကနေ သတင်း ပေးပို့ထားပါတယ်။