မျက်မမြင် တရုတ် နိုင်ငံရေး လှုပ်ရှားသူ မိသားစုနဲ့ ပြန်ဆုံ

တရုတ် နိုင်ငံရေး လှုပ်ရှားသူ ချန်ဂွမ်ချန်းဟာ သူ့နိုင်ငံမှာ စိတ်ချ လက်ချ နေထိုင် နိုင်တယ် ဆိုတဲ့ အာမခံချက်ကို တရုတ် အစိုးရ ဆီက ရခဲ့ပြီးတဲ့နောက် အမေရိကန် သံရုံးကနေ ထွက်ခွာ သွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သံရုံးကနေ ဆေးရုံကို ရောက်လာ တဲ့ ချန်ဂွမ်ချန်း

မျက်မမြင် တစ်ယောက် ဖြစ်တဲ့ ချန်ဂွမ်ချန်းဟာ ဘေဂျင်း မြို့တော်မှာ ရှိတဲ့ ဆေးရုံ တစ်ရုံ မှာ သူ့ဇနီးနဲ့ အတူ ကလေး နှစ်ယောက်နဲ့ ပြန်လည် ဆုံတွေ့ခဲ့ ပါတယ်။

ဘေဂျင်း မြို့တော်ကို ရောက် ရောက်ချင်း မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ် အစိုးရ အနေနဲ့ မစ္စတာ ချန်ဂွမ်ချန်း ကို ပေးထားတဲ့ ကတိ တည်ဖို့ လိုတယ်လို့ ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ သူနဲ့ သူ့မိသားစုကို အဆက်အသွယ် မပြတ် အောင် နေမယ်လို့ လည်း ဟီလာရီ ကလင်တန်က ပြောပါတယ်။

အတင်း အဓမ္မ ကိုယ်ဝန် ဖျက်ချ ခိုင်းမှုကို ဆန့်ကျင် တဲ့ လှုပ်ရှားမှု ပြုလုပ် ခဲ့တဲ့ အတွက် ဒေသ ဆိုင်ရာ အာဏာပိုင် တွေရဲ့ နှောင့်ယှက်မှု အမျိုးမျိုး ခံခဲ့ရ ပြီးနောက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ခံထား ခဲ့ရတဲ့ မစ္စတာ ချန်ဂွမ်ချန်းဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ထွက်ပြေး လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံက အမေရိကန် ပြည်ထောင်စုရဲ့ ဝန်ချ တောင်းပန် မှုကို တောင်းဆို ခဲ့ပြီး အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို လက်မခံနိုင် လောက်တဲ့ ဝင်ရောက် စွက်ဖက်မှု ပြုလုပ်ခဲ့တယ်လို့ လည်း စွပ်စွဲလိုက် ပါတယ်။