ဘင်လာဒင် စာရွက်တွေ အမေရိကန်တပ်ကထုတ်

  • 4 မေ 2012
bin ladin ဓာတ်ပုံ မူပိုင် AFP
Image caption အာရပ်နွေဦး လှုပ်ရှားမှုကို အတော် အထင်ကြီးခဲ့

အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံတွင်း အသေ မိရာမှာ တပါတည်း ရခဲ့တဲ့ အထောက် အထား တချို့ကို အမေရိကန်က ကြာသပတေးနေ့ ထုတ်ပြန် လိုက်ပါတယ်။

West Point စစ်တက္ကသိုလ် သုတေသနဌာန ကနေ ထုတ်ပြန်တာ ဖြစ်ပါတယ်။

စုစုပေါင်း မှတ်တမ်း ၁၇ ခုရှိပြီး အကြမ်း ရေးထားတဲ့ စာတွေနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးစနစ်သုံးပြီး ရေးထားတဲ့ စာတွေ ပါဝင်ပါတယ်။

၂၀၀၆ နှစ်ကုန် ကနေ ဘင်လာဒင် အသတ်မခံရခင် မနှစ် ဧပြီလထိ မှတ်တမ်းတွေပါ။

အယ်လ်ခိုင်းဒါး ခေါင်းဆောင် ဘင်လာဒင်ဟာ သူမသေခင် ဒေသတွင်းက ဂျီဟတ်အဖွဲ့တွေ အပေါ် အတော်စိတ်ပျက်နေတာ တွေ့ရတယ်လို့ ထုတ်ပြန်တဲ့ သုတေသီတွေက ပြောပါတယ်။

အာရပ်နွေဦး လှုပ်ရှားမှုကိုလည်း အတော်အထင်ကြီး အံအားသင့် နေပုံရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့နောက်လိုက်တွေ အနေနဲ့ အမေရိကန်ကို တိုက်ခိုက်ဖို့က သူ့တို့ရဲ့ အဓိကပန်းတိုင် ဆိုတာ မမေ့ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စာတစ်စောင် မှာတော့ အာဖဂန်နစ္စတန်ကို သမ္မတ အိုဘားမား လာတဲ့အခါ သူ့လေယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်မယ့် သဘော ပြောထားပါတယ်။

သမ္မတ အိုဘားမား မရှိတော့ရင် ဒုတိယသမ္မတ ဂျိုးဘိုက်ဒန်လည်း သမ္မတနေရာ ယူဖို့ လုံးဝ အဆင်သင့်ဖြစ်မှာ မဟုတ်ဘူးလို့လည်း ပါပါတယ်။

ဒါပေမယ့် ဒီစာရွက်စာတမ်းတွေထဲမှာ ဘင်လာဒင် မသေခင် ၉ နှစ်လောက် နေခဲ့တဲ့ ပါကစ္စတန် နိုင်ငံ နဲ့ပတ်သက်လို့တော့ သိပ်မပါပါဘူး။

အိုစမာ ဘင်လာဒင်ဟာ ပါကစ္စတန် အရာရှိတွေရဲ့ အကူအညီရတယ်ဆိုတာမျိုးလည်း မတွေ့ရပါဘူး။

တချို့နေရာတွေ မှာတော့ သူ ယုံကြည်ရတဲ့ ပါကစ္စတန် ညီအကို တွေ ဆိုတာမျိုး ပါပေမယ့် ဘယ်သူ ဘယ်ဝါဆိုတာ မဖော်ပြပါဘူး။

နောက်ပြီး ပါကစ္စတန် ထောက်လှမ်းရေး တွေကို သတိရှိဖို့ သူ့မိသားစု၀င်တွေကို ညွှန်ကြား ထားပါတယ်။

ပါကစ္စတန်နိုင်ငံတွင်း သွားတဲ့အခါ နောက်က ထောက်လှမ်းရေး မလိုက်အောင် နေဖို့၊ သားသမီးတွေ ခြံဝင်းထဲ ဆော့ကစားမယ် ဆိုရင်လည်း စကားကျယ်ကျယ် မပြောဖို့ မှာထားပါတယ်။

ဒါပေမယ့် အခု အမေရိကန်က ထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေဟာ သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းပေါင်း ၆၀၀၀ ထဲက အနည်းငယ်လို့ပဲ ပြောရမှာပါ။

ဒါဟာ အမေရိကန် တို့က ကမ္ဘာကို သိစေချင်တဲ့ အချက်တွေကို ထုတ်ပြန်တယ် လို့လည်း ပြောနိုင်ပါတယ်။

အဲဒီထဲမှာ ရန်သူ စစ်သွေးကြွေ အဖွဲ့တစ်ခု ကောင်းကောင်း မလည်ပတ် နိုင်တော့တဲ့ အနေအထား ကို ပြချင်ပုံလည်း ရပါတယ်။

ဒါပေမယ့် အဖြေမရှိသေးတဲ့ မေးခွန်းတွေကလည်း အများကြီးပါ။

ဥပမာ အိုစမာ ဘင်လာဒင်ဟာ ပါကစ္စတန် နိုင်ငံတွင်းမှာ ဘာကြောင့် ဒီလောက် အကြာကြီး ပုန်းအောင်း နေနိုင်သလဲ၊ ပါကစ္စတန် စစ်သင်တန်းကျောင်းအနီး အဘော့ဒါဘတ် မြို့မှာ ငါးနှစ်ကြာအောင် ဘယ်လို နေနိုင်ခဲ့ သလဲ စတဲ့ မေးခွန်းတွေကလည်း ပဟေဠိဖြစ်နေတုန်း ပါပဲ။