အီဂျစ် ဆန္ဒပြပွဲ အာဏာပိုင် ဖြိုခွဲ

  • 5 မေ 2012
Egypt ဓာတ်ပုံ မူပိုင် Reuters
Image caption အီဂျစ်ဆန္ဒပြပွဲ တကျော့ပြန်ဖြစ်ပွား

အီဂျစ်နိုင်ငံမှာ လက်ရှိယာယီ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေမှာ ထိခိုက်မှု ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပြီး အခုလောလောဆယ်မှာတော့ ဆန္ဒပြသူတွေကို အစိုးရက နှိမ်နင်းနိုင်ခဲ့ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲတွေမှာ စစ်သား တယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ခဲ့ပြီး ဆန္ဒပြသူရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်သားတွေက ရေပိုက်တွေနဲ့ထိုးပြီး လူစုခွဲပါတယ်။ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုပါတယ်။ လူတွေကလည်း ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။

ကာကွယ်ရေး ဝန်ကြီးရုံးအနီးကို မကပ်ကြဖို့ အာဏာပိုင်တွေဘက်က အမိန့်ထုတ်ပြန်ထားတာကို ဆန္ဒပြသူတွေက အာဏာဖီဆန်ကြရာကနေ အခြေအနေဟာ ပိုပြီးတင်းမာလာခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေထဲမှာ ဆိုရှယ်ဒီမိုကရက်တွေနဲ့တခြားနိုင်ငံရေး အင်အားစုတွေလည်း ပူးပေါင်းပါဝင် ကြပေမဲ့ အဓိက ဉီးဆောင်သူတွေကတော့ မူဆလင် ညီနောင်များအဖွဲ့လို့ ဆိုပါတယ်။

ဆန္ဒပြသူအများအပြားလည်း အဖမ်းခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အရေအတွက် အတိအကျ မသိရသေးပါဘူး။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ စစ်သားတယောက်သေဆုံးခဲ့ပြီး လူတွေထဲက ၃၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၁၃၀ ကျော်ကို ဆေးရုံတင် ဆေးကုထားတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က သူတို့ကို စစ်ခုံရုံးတင်ပြီး စတင်စစ်ဆေးနေပြီလို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ဆန္ဒပြသူတွေကို အခုအချိန်အထိ အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့ လက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဆန္ဒပြသူ လူ ၂၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့ပေမဲ့ တိုက်ခိုက်သူတွေကို တယောက်မှ ဖမ်းဆီးအရေးယူတာမျိုးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ အဲဒီ သေဆုံးမှုကြောင့် ဆန္ဒပြသူတွေဟာ ပိုမိုပြီး ဒေါသမီး တောက်လောင် အုံကြွ လာကြတာဖြစ်ပါတယ်။

စစ်တပ်က အမိန့်ထုတ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးရုံးနားမလာရဆိုတဲ့ အမိန့်ကိုလည်း ဖီဆန်လာကြတာဖြစ်ပါတယ်။

သမ္မတဟော်စနီမူဘာရက် ပြုတ်ကျပြီးနောက် ပထမဆုံးလုပ်မယ့် သမ္မတရွေးကောက်ပွဲ မတိုင်မီ သုံးပတ်အလိုမှာ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဆန္ဒပြသူတွေက သမ္မတရွေးကောက်ပွဲကို အယုံအကြည်မရှိကြတဲ့ အတွက် စစ်တပ် အနေနဲ့ အရပ်သားအစိုးရလက်ထဲကို ချက်ချင်း အာဏာလွှဲဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

အီဂျစ်အချိန် ည ၁၁ နာရီနောက်ပိုင်း အမိန့်ထုတ်ပြန်ထားသလို ကာကွယ်ရေး ဝန်ကြီး အနီးတဝိုက်မှာလည်း ကာဖျူးအမိန့်ထုတ်ပြန်ကြောင်းကို ထိပ်တန်း ဗိုလ်ချုပ်ကြီးတယောက်က ရုပ်မြင်သံကြားကနေ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဆန္ဒပြမှု ဖြစ်ပွားရာနေရာမှာ ရက်စက်တဲ့ မြင်ကွင်းတချို့ကို တွေ့မြင်ခဲ့ရတယ်လို့ လည်း အဲဒီမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်လိုင်းက သတင်းပေးပို့ထားပါတယ်။ နောက်ဆုံးမှာတော့ စစ်တပ်က အင်အားသုံးဖြိုခွဲနိုင်ခဲ့ပြီး အဲဒီပတ်ဝန်းကျင်ကို ရှင်းလင်းပြီး သံချပ်ကာကားတွေချထားနေရာယူထားတယ်လို့ သိရပါတယ်ခင်ဗျာ။