ဂျပန် နျူးကလီးယားဓာတ်ပေါင်းဖို အားလုံး လုပ်ငန်း ရပ်စဲပြီ

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတဝန်း ဓာတ်ပေါင်းဖို ပေါင်း ၅၀ ကျော်ရဲ့ လုပ်ငန်းတွေ ရပ်စဲခဲ့

ဂျပန်နိုင်ငံ မြောင်ပိုင်း တိုမရီ စွမ်းအင် စက်ရုံက နောက်ဆုံးလက်ကျန် နျူးကလီး ယား ဓါတ်ပေါင်းဖို တခုကို ပိတ်ပစ်လိုက်ပြီ ဖြစ်တဲ့အတွက် နျူးကလီးယားနဲ့ စွမ်းအင် ထုတ်လုပ်မှု ကို ဂျပန်မှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ရပ်စဲ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖူကူရှီးမား နျူးကလီးယား စွမ်းအင် စက်ရုံမှာ နျူးကလီးယား လောင်စာချောင်းတွေ အရည်ပျော်ကျခဲ့ပြီး နောက်ပိုင်း နိုင်ငံတဝန်းမှာ ရှိတဲ့ ဓာတ်ပေါင်းဖို ပေါင်း ၅၀ ကျော်ကို ပြန်လည် မွမ်းမံ ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် လုပ်ငန်းတွေ ရပ်စဲခဲ့ရာမှာ အခု တိုမရီစက်ရုံက ဓာတ်ပေါင်း ဖို ကတော့ နောက်ဆုံးရပ်စဲ လိုက်တဲ့ ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။

ဂျပန်မှာ အခုလာမယ့် နွေရာသီအချိန် အတွင်း စွမ်းအင် ပြတ်လပ်မှုတွေ ရှိနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်လာနေပေမယ့်လည်း ဒေသန္တရ အစိုးရတွေ ကတော့ ဓတ်ပေါင်းဖိုတွေကို ပြန်ဖွင့်ဖို့ ငြင်းဆန်နေပါတယ်။

အခုနောက်ဆုံး ပိတ်ပစ်လိုက်တဲ့ ဓာတ်ပေါင်းဖိုအတွက် နျူးကလီးယား ဆန့်ကျင်သူတွေဟာ အောင်ပွဲခံခဲ့ကြပြီး သူတို့ဟာ တိုကျိုမြို့မှာ စုရုံးပြီး နျူးကလီးယားဆန့်ကျင်ရေး ဆန္ဒပြခဲ့ ကြပါတယ်။

ဆန္ဒပြသူတွေက နျူးကလီးယား အန္တရာယ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖေါ်ခဲ့ ကြပါတယ်။

ဂျပန်ဟာ သူတို့ရဲ့ စွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းနိုင် ရေး အတွက် သဘာဝဓာတ်ငွေ့ အမြောက်အမြားကို နိုင်ငံခြား ကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ် ထုတ်လုပ်ဖို့ ကုန်ကျစားရိတ်များပြီး၊ မလုံမလောင်ဖြစ်ရင် ကုန်ထုတ်လုပ်မှု အတွက် ထိခိုက်မှုတွေ ဖြစ်လာမှာ ကိုလည်း ဂျပန်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။