ပိတ်ဆို့မှု အကုန်ရုပ်သိမ်း ပေးဖို့ အမေရိကန် အစိုးရကို ဂျင်မ်ဝက်ဘ် တောင်းဆို

ဓာတ်ပုံ မူပိုင် afp
Image caption ဟီလာရီ ဆီကို ဂျင်မ်ဝက်ဘ် စာတင်

မြန်မာနိုင်ငံမှာ စစ်တပ်က ကျောထောက် နောက်ခံ ပေးထားတဲ့ လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှု တွေကို အားပေးတဲ့ အနေနဲ့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေး သင့်တယ်လို့ ဒီမိုကရက်နဲ့ ရီပါ ဘလစ်ကန် ဆီးနိတ် အမတ်တွေက ပြောပါတယ်။

မြန်မာ့အရေးမှာ နှစ်ရှည်လများ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ဒီမိုကရက် ထိပ်တန်း အမတ် ဂျင်မ် ဝက်ဘ်နဲ့ ရီပါ့ဘလစ်ကန် အမတ် ဂျိမ်းစ် အင်ဟုတ် တို့က ပန်ကြားလွှာတစောင် ပြင်ဆင်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဆီကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။

အိုဘားမား အစိုးရ အဖွဲ့ရဲ့ အမှားက ပိတ်ဆို့မှုတွေကို တခုချင်း လျော့ပေးသွားပြီး စွမ်းအင် ကဏ္ဍလို လုပ်ငန်း တွေကိုတော့ ဆက်ထိန်းချုပ်ထားမယ် ဆိုတဲ့ အချက်ဘဲ ဖြစ်ပါတယ်လို့ သူတို့က ပြောပါတယ်။

အဲဒီစာထဲမှာ ဖော်ပြချက်အရ ကွန်ဂရက် အတည်ပြုချက် ယူစရာ မလိုဘဲနဲ့ သမ္မတ အိုဘားမား အနေနဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက အရေးပါတဲ့ ကဏ္ဍတွေကို ဖယ်ရှားပေးလို့ ရကြောင်း အမေရိကန် ဘဏ္ဍာရေး ဌာန အပြောကို ကိုးကား ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင်တွေ ရွေးကောက်ပွဲ အနိုင်ရခဲ့ ပြီးတဲ့နောက် အမေရိကန်က ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်ဖွင့်ပေးခဲ့ပေမယ့် ကုန်သွယ်ရေးနဲ့ ကယ်ဆယ် ထောက်ပံ့ရေး အကူအညီ ပေးဖို့ ကဏ္ဍ တချို့ကို ဆက်လက် ပိတ်ဆို့ အရေးထား ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ ကတော့ လက်နက် ရောင်းဝယ်မှုက လွဲလို့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ကို ရပ်ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။