ပြင်သစ်မှာ သမ္မတသစ်ကို ရွေးချယ်လိုက်ပြီ

  • 7 မေ 2012
francois_ollande
Image caption ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အိုလောန်းဒ်

ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာတော့ လက်ရှိ သမ္မတ နစ်ကလပ်စ် ဆာကိုဇီးကို ဖရန်ဆွာ အိုလန်းဒ်က အနိုင်ရ သွားခဲ့ ပြီဖြစ်ပါတယ်။

ပါရီ မြို့တော်ကို ရောက်ရှိလာတဲ့ မစ္စတာ အိုလန်းဒ်ကို သူ့ကို ထောက်ခံသူတွေက တခဲနက် ကြိုဆို ခဲ့ကြပါတယ်။

ပြင်သစ် အရေးတော်ပုံ စတင်ခဲ့တဲ့ အထင်ကရ နေရာ တခုဖြစ်တဲ့ ဘာစတီးလ် မှာ သူ့ကို ထောက်ခံသူတွေက အလံတွေ ဝှေ့ယမ်းပြီး မီးရှုးမီးပန်း တွေပစ်ဖောက်လို့ အောင်ပွဲခံ ခဲ့ကြပါတယ်။

အစောပိုင်း တုန်းကတော့ မစ္စတာ အိုလန်းဒ်က ပြင်သစ် ပြည်သူတွေက ခြိုးခြံ ချွေတာရေး ဆိုတာတွေ ကို မကြားရတဲ့ အပြောင်းအလဲ တခုကို လိုလား တောင့်တ နေကြလို့ အခုလို သူ့ကို မဲပေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ အိုလန်းဒ်က သမ္မတ ဖြစ်လာတဲ့ အခါမှာ သူပထမဆုံး လုပ်ရမဲ့ တာဝန်ကတော့ ပြင်သစ် နိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ပြည်သူ တရပ်လုံး ပါဝင်လာအောင် လုပ်ဖို့ ဖြစ်ကြောင်း၊ အရေးကြီးတဲ့ ပြဿနာတွေ အများကြီး ရှိနေကြောင်း၊ နိုင်ငံရဲ့ စက်မှု လုပ်ငန်းတွေ ပြန်နလံထအောင် လုပ်ပြီး အကြွေးတွေကို ထိန်းနိုင်ဖို့၊ ကြွေးမြီတွေကို လျှော့ချ ပစ်ဖို့ လုပ်ရမှာ ဖြစ်ကြောင်း၊ လူမှု ဝန်ဆောင်မှု တွေကိုလည်း ပြည်သူအားလုံး ခံစား နိုင်ခွင့် ရှိအောင် လုပ်ရမှာ ဖြစ်ကြောင်း တွေကို ပြောကြား သွားပါတယ်။

သူက သူ့ရဲ့ သမ္မတ သက်တမ်းမှာ တရား ဥပဒေနဲ့ ပတ်သက်လို့ ကိုင်တွယ်ပုံတွေနဲ့ ပြင်သစ် လူငယ်တွေ အတွက် သူဘယ်လို ကူညီ သလဲ ဆိုတာ တွေ အပေါ်မှာသာ မှတ်ကျောက်အတင် ခံလိုကြောင်း ပြောပါတယ်။

အခုလို အနိုင်ရခဲ့တဲ့ အတွက် မစ္စတာ အိုလန်းဒ်ဟာ ပြင်သစ် နိုင်ငံမှာ ၁၇ နှစ်အတွင်း ပထမဆုံး ဆိုရှယ်လစ် သမ္မတ ဖြစ်လာ ခဲ့ပါတယ်။ ဒါဟာ ၁၉၈၁ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး အကြိမ် လက်ရှိ သမ္မတ အရေးနိမ့် ရခြင်းလည်းပဲ ဖြစ်ပါတယ်။