၁၇ နှစ်အတွင်း ပြင်သစ်မှာ ဆိုရှယ်လစ် သမ္မတဖြစ်

  • 7 မေ 2012

ပြင်သစ်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ပြီးသွားပြီးနောက်မှာ ဆိုရှယ်လစ်ပါတီက ဖရန်ဆွာ အော်လန်းက လက်ရှိသမ္မတ နီကိုလပ်စ် ဆာကိုဇီးကို အနိုင်ရခဲ့တာကြောင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် အစိုးရသစ်ကို ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

Image caption သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဆိုရှယ်လစ် ဖရန်ဆွာ အော်လန်း

သမ္မတ အော်လန်းက သူရဲ့ ပထမဆုံး လုပ်ဆောင်မယ့် တချက်ကတော့ ဥရောပရဲ့ စီးပွားရေး ပြန်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဥရောပ ကြွေးမြီတွေအတွက် ငွေကြေးစိုက်ထုတ် သုံးစွဲရမယ့် ကိစ္စတွေကို ကျန်တဲ့ ဥရောပ ခေါင်းဆောင်တွေနဲ့ ပြန်ပြီး ဆွေးနွေးမယ်လို့ ပြောပါတယ်။

သမ္မတသစ်ဟာ တခြားဘက်ကကြည့်ရင်လည်း မြင့်တက်နေတဲ့ ဥရောပနဲ့ ပြင်သစ် အကြွေး ပြဿနာနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ထားသူဖြစ်ပါတယ်။

ကြွေးထူတဲ့ ဥရောပနိုင်ငံတွအနေနဲ့ ဘတ်ဂျက်ဖြတ်တောက်ကြဖို့ကို အားသန်နေတဲ့ ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာကယ်ကတော့ ဘတ်ဂျက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ကိစ္စဟာ ပြန်ညှိစရာ မလိုတော့ဘူးလို့ ပြောလိုက်ပေမယ့်လို့ ပြင်သစ် သမ္မတသစ်ရဲ့ ရွေးချယ် ခံရမှုကိုတော့ ချီးကျူးလိုက်ပြီး၊ ဂျာမနီနိုင်ငံမြို့တော် ဘာလင်လာပြီး ဆွေးနွေးကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။