ဂရိမှာ ဘတ်ဂျက်ဖြတ်မှာကို ဆန့်ကျင်တဲ့ ပါတီတွေနိုင်

  • 7 မေ 2012

ဂရိနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့တာမှာ ပြည်သူတွေ အများစုက တိုင်းပြည် အနေနဲ့ မဖြစ်မနေ လိုက်နာရဖို့ရှိတဲ့ ကြွေးမြီ အကျပ်အတည်းက လွန်မြောက်အောင် ဘတ်ဂျက် ဖြတ်တောက်ရမယ့် ကိစ္စတွေကို ဆန့်ကျင်ထားတဲ့ နိုင်ငံရေးပါတီတွေကို မဲပေးခဲ့ကြပါတယ်။

Image caption တတိုင်းပြည်လုံးက ပြည်သူတွေ စိတ်ဝင်စား ခဲ့ကြတဲ့ ဂရိနိုင်ငံက အထွေထွေရွေးကောက်ပွဲ

မဲအရေအတွက် စုစုပေါင်းရဲ့ သုံးပုံတပုံလောက် ကပဲ ဘတ်ဂျက် ဖြတ်တောက်မှုတွေကို ထောက်ခံခဲ့တဲ့ အဓိက ပါတီကြီးနှစ်ခုကို မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဂရိနိုင်ငံ အနေနဲ့ကတော့ ကြွေးမြီ ပြဿနာတွေကို ပြေလည်စေဖို့အတွက် နိုင်ငံတကာက ငွေစိုက် ထုတ်ပေးမှုတွေကို ရအောင်လို့ ဘတ်ဂျက် ဖြတ်တောက်မှုက လုပ်ကို လုပ်ကြရမှာ ဖြစ်ပါတယ်။

အဲဒီပါတီနှစ်ခုမှာ တခုကတော့ ရှေးရိုးစွဲပါတီ တခုဖြစ်တဲ့ နယူး ဒီမိုကရေစီပါတီဖြစ်ပြီး၊ မဲ အများဆုံး ရထားတဲ့ ပါတီအဖြစ် ရှိနေ တာကြောင့် ပါတီခေါင်းဆောင် အန်တိုနစ္စ ဆာမာရာ့စ်က ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ သုံးရက် အချိန်ရထားပါတယ်။

ဥရောပသမဂ္ဂနဲ့ သဘောတူထားတဲ့ ငွေကြေးစိုက်ထုတ်ပေးမှု သဘောတူညီချက်ကိုလည်း ပြန်ပြီး ညှိနှိုင်းဖို့လိုတယ်လို့လည်း မစ္စတာ ဆာမာရာ့စ်က ပြောပါတယ်။