ရုရှားသမ္မတ ပူတင် ကျမ်းသစ္စာ ကျိန်ဆို

  • 7 မေ 2012
putin ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ပူတင်ဟာ တတိယ အကြိမ် သမ္မတ အဖြစ် အရွေးခံ ရတာပါ

ရုရှားမှာ သမ္မတဟောင်း ဗလာဒီ မီယာ ပူတင် ဟာ နောက်တကြိမ် သမ္မတ ပြန်ဖြစ် လာပါပြီ။

တနင်္ဂနွေ နေ့တုန်း ကတော့ သူ့ကို ဆန့်ကျင် ကန့်ကွက်မှု တွေနဲ့ ကြိုဆိုသူ တွေ ရှိခဲ့လို့ ရဲနဲ့ ဆန္ဒပြ သူတွေ ပဋိပက္ခ ဖြစ်ခဲ့ ပါတယ်။

အရင် သမ္မတ ဒမစ်ထရီ မက်ဒ်ဗီဒက်ဗ် ဟာလည်း သူ့ရဲ့ မဟာမိတ်လို့ အများက နားလည် ထားကြ ပါတယ်။

အခု သမ္မတ ပူတင်ဟာ ကရင်မလင် နန်းတော်မှာ သမ္မတ အဖြစ် ကျမ်း ကျိန်ခဲ့ ပါတယ်။ ကျမ်းကျိန်ခဲ့ရာ နေရာဟာ တချိန်က ဇာဘုရင်ရဲ့ နန်းတော် နေရာ ဖြစ်ပါတယ်။

ကျမ်းကျိန် အပြီး သမ္မတ ပူတင်က မိန့်ခွန်းတို ပြောကြား ရာမှာ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု အတွက် ခေတ်သစ်ကို ရောက်လာပြီ လို့ ဆိုပါတယ်။

လုပ်ငန်း တာဝန် တွေကို အဆင့်သစ် အရည်အချင်းသစ် အတိုင်းအတာ အသစ် တခု အဖြစ် သတ်မှတ် လုပ်ဆောင် သွားမယ် လို့လည်း ပြောပါတယ်။

လာမယ့် နှစ် အနည်းငယ်ဟာ ရုရှားရဲ့ နောက် ဆယ်စုနှစ် တချို့ အတွက် ကံကြမ္မာကို ပြဌာန်းမယ့် နှစ်တွေ လို့လည်း သူက ပြောပါတယ်။

အရင် သမ္မတ မက်ဒ်ဗီဒက်ဗ် ဟာ ရုရှားကို ခေတ်မီအောင် လုပ်ခဲ့တယ် လို့ သူက ပြောပါတယ်။ ရုရှား ပြုပြင် ပြောင်းလဲမှု တွေကို ဆက်လုပ် သွားရမယ် လို့လည်း သူက ပြောပါတယ်။

ရုရှားမှာ ဒီမိုကရေစီ နဲ့ အခြေခံ ဥပဒေပါ အခွင့်အရေး တွေ အားကောင်းအောင် လုပ်ဆောင် သွားရမယ် လို့လည်း သူက ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ကျမ်းကျိန်ပွဲ တက်ရောက် ကြသူတွေ ထဲမှာ ဆိုဗီယက် သမ္မတဟောင်း မစ်ခေးလ် ဂေါ်ဘာခေျာ့ဗ် အီတလီ ဝန်ကြီးချုပ် ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီ နဲ့ သမ္မတ ဟောင်း ယဲ့လ်ဆင် ကတော် တို့လည်း ပါဝင်ကြ ပါတယ်။

ဒီသမ္မတ သက်တမ်း ၆ နှစ် ပြီးဆုံး သွားရင် သမ္မတ ပူတင်ဟာ အရင် ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂျိုးဇက် စတာလင် နောက်ပိုင်းမှာ သက်တမ်း အကြာဆုံး ရုရှား ခေါင်းဆောင် ဖြစ်လာဖွယ် ရှိပါတယ်။

ဒါပေမယ့် မစ္စတာပူတင် မှာလည်း ပြသနာ တွေကို ဖြေရှင်းစရာ ရှိနေ ပါတယ်။ သူတည်ဆောက် ထားတဲ့ နိုင်ငံရေး စနစ်ဟာ အက်ကြောင်း ထင်နေ ပါတယ်။ စီးပွားရေး တိုးတက်မှု ဟာလည်း နှေးကွေး နေပါတယ်။

မြောက်ပိုင်း ကော့ကေးဆပ် ပြည်နယ်မှာ အကြမ်းဖက် မှုတွေ ရှိနေ ပါတယ်။ သမ္မတ ကျမ်းကျိန်ပွဲမှာ အသုံးပြု ခဲ့တဲ့ ကုန်ကျ စရိတ်ဟာ ရူဘယ် သန်းနှစ်ဆယ် ဒေါ်လာနဲ့ ဆိုရင် ၆ သိန်းခွဲကျော် ကုန်ကျ တယ်လို့ ဆိုပါတယ်။