ဂရိ လက်ဝဲစွန်း ပါတီက အစိုးရ ဖွဲ့ဖို့ ပြင်နေ

Greece ဓာတ်ပုံ မူပိုင် no credit
Image caption မစ္စတာ ဆီးပရပ် ဟာ သုံးရက်အတွင်း အစိုးရ ဖွဲ့ရမှာ ဖြစ်ပါတယ်

ဥရောပ သမဂ္ဂ ရဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ် ကို ထောက်ခံတဲ့ ပါတီတွေ ညွန့်ပေါင်း အစိုးရ မဖွဲ့နိုင် ဖြစ်သွား ပြီးတဲ့နောက် ဂရိ လက်ဝဲစွန်း ပါတီ ခေါင်းဆောင်က အစိုးရသစ် ဖွဲ့ဖို့ စိုင်းပြင်း နေပါတယ်။

လက်ဝဲ အင်အားစု တွေ စုစည်းပြီး ချွေတာရေး အစီအစဉ် ကို ငြင်းဆိုမယ့် အစိုးရ တရပ် ဖွဲ့မယ်လို့ အစိုးရဖွဲ့ဖို့ တာဝန်ပေးခံရတဲ့ အယ်လက်စစ် ဆီးပရပ်စ် (Alexis Tsipras) က ဆိုပါတယ်။

ဒီမိုကရေစီသစ် ပါတီက မဲအများဆုံး ရခဲ့ပေမယ့် အစိုးရ မဖွဲ့နိုင်လို့ လက်လျှော့သွားပါပြီ။

ဒီမိုကရေစီသစ် ပါတီ ခေါင်းဆောင် မစ္စတာ ဆမ်းမရပ်စ် ကတော့ ဂရိကို ယူရိုဇုန် ထဲမှာ ဆက်ရှိ နေဖို့ နဲ့ ခြွေတာရေး ဖြတ်တောက်မှု တွေကို ပြန်ညှိဖို့ ကြိုးစား ဆော်သြခဲ့ ပေမယ့် သူတို့ ကမ်းလှမ်း ခဲ့တဲ့ ပါတီ တွေက လက်မခံခဲ့ ကြဘူး လို့လည်း ဆိုပါတယ်။

အရင် အာဏာ ရနေကျ လက်ယာ ဗဟိုက ဒီမိုကရေစီသစ် ပါတီနဲ့ ပါဆော့ ပါတီလို ညွန့်ပေါင်း လူဟောင်း တွေမှာ ထောက်ခံမှု ကျဆင်း ပြီး လက်ဝဲစွန်း လက်ယာစွန်း ပါတီတွေ ဘက် မဲတွေ ရောက်ကုန် ပါတယ်။

ဂရိ သမ္မတ ပါပိုလီးယက်စ် က လက်ဝဲစွန်း ဆိုင်ရီဇာ အုပ်စု ခေါင်းဆောင် မစ္စတာ ဆိုင်းပရက်စ် ကို ညွန်ပေါင်း အစိုးရဖွဲ့ဖို့ ကနေ့ အင်္ဂါနေ့မှာ ၃ ရက် အချိန် ပေးမှာ ဖြစ်ပါတယ်။

၃၈ နှစ် အရွယ် ဆိုင်ရီဇာ အုပ်စု ခေါင်းဆောင် ကတော့ လက်ဝဲ အင်အားစု တွေကို စုစည်းပြီး သူ့အပြော အရ ရိုင်းပြတဲ့ ကယ်ဆယ်ရေး အစီအစဉ် ကို ငြင်းပယ်ဖို့ ကတိ ပေးထား ပါတယ်။

လက်ဝဲ အင်အားစု တွေကို အရင်းတည်ပြီး အစွမ်းကုန် ကြိုးစား သွားမယ်လို့ မစ္စတာ ဆိုင်းပရက်စ်က ဆိုပါတယ်။

မစ္စတာ ဆိုင်းပရက်စ် တို့ ညွန့်ပေါင်း အစိုးရ မဖွဲ့ နိုင်ရင်တော့ ပါဆော့ အုပ်စု ခေါင်းဆောင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း အီဗင်ဂလို ဗင်နီလို့စ် ပေါ် ဒီတာဝန် ကျလာ ပါလိမ့်မယ်။

သူသာ အစိုးရ ဖွဲ့နိုင်ရင် ဆိုင်ရီဇာနဲ့ လက်ဝဲ ပါတီလေး တွေကို ဖိတ်ခေါ် သွားမယ်လို့ မစ္စတာ ဗင်နီလို့စ် က ဆိုပါတယ်။

တိုင်းပြည်မှာ ညီညွတ်မှု ရှိဖို့ အင်အားစု အားလုံး ပါဝင်ဖို့ လိုတယ်၊ အနည်းဆုံး တော့ ဂရိကို ယူရိုဇုန် ထဲက ထွက်မသွားဖို့ လိုတယ်လို့ သူက ဆို ပါတယ်။

ဘယ်သူမှ အစိုးရ မဖွဲ့နိုင် ရင်တော့ နောက်လ အစောဆုံး ထားပြီး ရွေးကောက်ပွဲ အသစ် လုပ်ရ နိုင်တယ်လို့ သုံးသပ် သူတွေက ဆိုပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲ ကတော့ ရွေးကောက်ပွဲ အလွန် ဂရိနိုင်ငံကို ခြိုးခြံ ချွေတာရေး အစီအစဉ်ကို စျေးမဆစ်ဖို့ ပြုပြင်ရေး ကို အရေးကြီးဆုံး ထားပြီး ဆောင်ရွက်ဖို့ သတိ ပေးလိုက် ပါတယ်။

လူမှု မငြိမ်မသက် မှုတွေ များလာပြီး ချွေတာရေး အစီအစဉ်ကို ထောက်ခံတဲ့ ပါတီ တွေကို လူကြိုက်နည်း လာတာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂနဲ့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ တို့ဆီက ရမယ့် အမေရိကန် ဒေါ်လာ သန်း ၃၁ဝ တန် ကယ်ဆယ်ရေး အတွက် ဂရိနိုင်ငံ ဘက်က ပင်စင် ထောက်ပံ့ကြေး တွေ ၊ အစိုးရ အလုပ်တွေ ထောင်နဲ့ချီ ဖြတ်ပေး လျှော့ပေး ခဲ့ရပြီး အခွန်အတုတ် တွေလည်း တိုးကောက် ရပါတယ်။

ဘဏ္ဍာရေး ကယ်ဆယ်မှု အစီအစဉ် အရ ဇွန်လ ထဲမှာ နောက်ထပ် ချွေတာရေး တွေ လာဖို့ ရှိပါ သေးတယ်။