ခြိုးခြံချွေတာရေး ခပ်မှန်မှန်နဲ့ ဖြတ်တောက်ပေး

  • 8 မေ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အိုင်အမ်အက်ဖ် ဥက္ကဌ Christine Lagarde

ချမ်းသာတဲ့ နိုင်ငံတွေမှာ ဘတ်ဂျက်အသုံးစရိတ် ဖြတ်တောက်မှုတွေဟာ တိုင်းပြည် ဘဏ္ဍာရေး အခြေအနေ အားကောင်းလာစေဖို့ အခရာ ကျလှတယ်။ ဒါပေမယ့် ခပ်မှန်မှန် နှုန်းနဲ့သာ ဖြတ်တောက်သင့်တယ်လို့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF အကြီးအကဲ ခရစ်စတင်း လဂါးက ပြောပါတယ်။

ဇူးရစ်မှာ မိန့်ခွန်းပြောရာမှာ အခုလို ဘတ်ဂျက် ဖြတ်တောက်မှုတွေက စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေတယ် ဆိုတာကို အသိအမှတ်ပြု ဆိုသွားခဲ့ ပါတယ်။

တချို့ တိုင်းပြည်တွေ အနေနဲ့ ငွေကြေး စျေးကွက်မှာ ဆိုးရွားတဲ့ ဖိအားပေးမှုတွေ ခံနေရပြီး ရွေးစရာလမ်းလည်း မရှိပါဘဲ ၊ ခပ်သွက်သွက်သာ ဆောင်ရွက်သွားဖို့ လိုပါတယ်လို့ မစ္စစ် လဂါးက ပြောပါတယ်။

ဒီပြောကြားချက်မှာ နိုင်ငံရေး ဂယက်တွေ ပါ၀င်နေပြီး ခြိုးခြံချွေတာရေး အစီအစဉ်တွေကို အပြင်းအထန် ခပ်သွက်သွက် လုပ်ခဲ့တဲ့ ပြင်သစ်နဲ့ ဂရိ နိုင်ငံက ရွေးကောက်ပွဲတွေမှာ လက်ရှိ အစိုးရတွေကို ဆန့်ကျင်ပြီး လူထုက အတိုက်အခံတွေကို မဲပေးခဲ့တာကြောင့် မစ္စစ် လဂါးရဲ့ ပြောကြားချက် ပေါ်ထွက်လာတာလို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက် ဆိုပါတယ်။