အီရတ်ဒုတိယသမ္မတကို နိုင်ငံတကာဝရမ်းထုတ်

  • 8 မေ 2012

နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက လတ်တလော ဝရမ်းပြေးဖြစ်နေတဲ့ အီရတ် ဒုတိယ သမ္မတ တာရစ် အယ်လ် ဟက်ရှ်မီကို ဖမ်းဆီးဖို့ နိုင်ငံတကာကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် RIA Novosti
Image caption အင်တာပိုလူကြီးတွေ အလုပ်လုပ်နေပုံ

အနီရောင် ထုတ်ပြန်ချက်လို့ လူတွေ သိကြတဲ့ ဒီဝရမ်းဟာ အင်တာပို အဖွဲ့ဝင်နိုင်ငံ ၁၉၀ မှာ ရောက်ရှိနေပြီး မစ္စတာ ဟက်ရှ်မီ ရှိတဲ့ နေရာကို ပြောဖို့နဲ့ ဖမ်းပေးဖို့ တောင်းဆိုထားပါတယ်။ အခုလို နိုင်ငံတကာ ဝရမ်းထုတ်ဆင့် လိုက်တာကြောင့် အီရတ် ဒုတိယသမ္မတဟာ ပြေးစရာမြေ မရှိတော့ဘူးလို့ အင်တာပိုက ပြောပါတယ်။

ဝရမ်းပြေး ဖြစ်နေသူ ဒုတိယ သမ္မတကတော့ သူ့အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေး အကောက်ကြံမှုတွေ ပါနေလို့ အခုအချိန်ခါမှာ အီရတ်မြို့တော် ဘက္ကဒက်ကို ပြန်ရောက်ရင် ဒုက္ခရောက်သွားနိုင်တယ်လို့ ပြောပါတယ်။