အကြမ်းဖက်သမားတွေက လူသတ်ဖို့ ကြံစည်ဆဲ

  • 8 မေ 2012

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန် လေကြောင်းလိုင်းကို ဖောက်ခွဲပစ်ဖို့ ကြံစည်မှုအသစ်တခုကို မကြာခင်က ထုတ်ဖော် တွေ့ရှိခဲ့တာမို့ အကြမ်းဖက် သမားတွေဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့ တောက်လျှောက် ကြံစည်နေကြတုန်းလို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်

အိမ်ဖြူတော်က ထုတ်ပြန်တဲ့အတိုင်းဆို လေကြောင်းလိုင်းကို ဗုံးခွဲလိုက်ဖို့ကို မခြိမ်းခြောက်နိုင်ခဲ့ပေမယ့်လို့ ဒီလိုလုပ်နေတာတွေကို ထောက်ရှုခြင်းအားဖြင့် အကြမ်းဖက်သမားတွေဟာ တောက်လျှောက် ကြိုးစားနေတုန်းပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်အရာရှိတွေက ၂၀၀၉ ခုနှစ်ကုန်ပိုင်း ခရစ္စမတ်ကာလက မအောင်မြင်ခဲ့တဲ့ ဖောက်ခွဲမှုတခုလိုမျိုး တိုက်ခိုက်မှုသစ်တခုကို ထိန်းချုပ်လိုက်နိုင်တယ်လို့ ထုတ်ဖော် ပြောခဲ့ပြီးနောက်မှာ မစ္စစ် ကလင်တန်ရဲ့ အခုလို ပြောဆိုမှု ထွက်လာတာလည်း ဖြစ်ပါတယ်။

အဲဒီ ၂၀၀၉ ခရစ္စမတ်ကာလတုန်းကတော့ နိုင်ဂျီးရီးယား အမျိုးသားတဉီးက အောက်ခံဘောင်းဘီအတွင်းမှာ ဗုံးကိုဝှက်လို့ အမေရိကန်လေကြောင်းလိုင်းက လေယာဉ်တစီးကို ဖောက်ခွဲဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအရာရှိတွေရဲ့ အပြောအရတော့ အခုနောက်ဆုံး တိုက်ခိုက်ရန်ကြံစည်မှုကို အကြမ်းဖက်သမားတွေက ဘယ်နေရာကို တိုက်ကြမယ်လို့ မရွေးချယ် မဆုံးဖြတ်ရခင်မှာကို တားဆီးကာကွယ်လိုက်နိုင်တာကြောင့် လူထုအတွက် လုံးဝကို စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။ အခုတော့ အဲဒီ ဗုံးကို အက်ဖ်ဘီအိုင်က စစ်ဆေးနေကြပါတယ်။ ဗုံးဟာ သတ္ထုစမ်းသပ်ကိရိယာနဲ့ စမ်းသပ်ရင် ကျော်ဖြတ်နိုင်အောင်လို့ သတ္ထုမသုံးထားတဲ့ အဆင့်မြင့်ဗုံးတလုံး ဖြစ်မယ်လို့ သိရပါတယ်။