ဆီးရီးယား ဖောက်ခွဲမှု လက်သည် ဘယ်သူလဲ

  • 11 မေ 2012
syria
Image caption ဆီးရီးယား ဗုံးခွဲ တိုက်ခိုက်မှု ငါးဆယ်ကျော်သေ

မနေ့က ကြာသပတေးနေ့ မနက်က ဒမတ်စကတ် မြို့မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား ခဲ့ပြီး ဆီးရီးယားမှာ မငြိမ်မသက်မှုတွေ စတင်တဲ့ မနှစ်ကစပြီး ကနေ့ထိ အပျက်အစီး အများဆုံး ပေါက်ကွဲမှု ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရ ရုပ်သံက ဒဏ်ရာ အပြင်း အထန် ရသွားသူတွေရဲ့ သွေးသံရဲရဲ ပုံတွေကို ပြသခဲ့ပြီး လူငါးဆယ့်ငါးယောက် သေဆုံး တယ်လို့ ပြောပါတယ်။

တချိန်က ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ မြို့တော် ဒမတ်စကာဒ် အတိုက်ခိုက် ခံရတာ ခုဆိုရင် ငါးကြိမ် ရှိသွားပြီ ဖြစ်ပြီး နောက်ဆုံး ဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ မတ်လ ၁၇ ရက်နေ့က ဖြစ်ပြီး အဲဒိတုန်းက လူ ၁၇ ယောက် သေဆုံး ခဲ့ပါတယ်။

လက်လုပ် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း နားလည်တဲ့ စစ်ရေး အကဲခပ် တယောက်က ခုတိုက်ခိုက်မှုဟာ အစိုးရ ထောက်လှမ်းရေးတွေကို အထိနာဆုံး ဖြစ်အောင် သေချာ စီစဉ် အကွက်ချထားတဲ့ တိုက်ခိုက်မှုလို့ ပြောပြပါတယ်။

ဒါ့အပြင် အရပ်သားတွေ သေကြေ ထိခိုက် ဒဏ်ရာ ရမှာကို လုံးဝ ထည့်စဉ်းစားပုံ မရတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

မနေ့က ဗုံးခွဲ တိုက်ခိုက်မှု နှစ်ခုမှာ ပထမ တခုက အပျော့စား ဖြစ်ပြီး နောက်လူတွေ ထပ်ရောက်လာအောင် မြှားထားတဲ့ တည်ဗုံး ဖြစ်တယ်လို့ ပြောပါတယ်။

ပထမ ပေါက်ကွဲမှု ဖြစ်ပြီး လုံခြုံရေး တာဝန်ရှိသူတွေ တနေရာထဲကို စုရောက်လာတော့မှ ဒုတိယ ဖေါက်ခွဲမှုနဲ့ လူအသေ အပျောက် များနိုင်သမျှ များအောင် ဒုတိယ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေး အကဲခပ်က ပြောပါတယ်။

ဆီးရီးယား အစိုးရကတော့ ဒီဖောက်ခွဲမှုကို အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်ရေးသမား တွေက လက်ချက်လို့ ပြောလိုက်ပြီး သူတို့ကို အတိုက်အခံ လုပ်နေတဲ့ သူပုန်တွေက ကုလသမဂ္ဂရဲ့ အပစ်အခတ် ရပ်စဲရေး ပျက်အောင် တမင်သက်သက် လုပ်တာလို့ စွပ်စွဲပါတယ်။

ဒါပေမယ့် ဆီးရီးယား အတိုက်အခံတွေကတော့ ဒီဖေါက်ခွဲမှုဟာ သူတို့ လုပ်တာ မဟုတ်ဘူးလို့ ပြောလိုက်ပြီး အစိုးရက နိုင်ငံတကာက သူတို့ကို ဂရုဏာ သက်လာအောင် ကိုယ့်တိုင်းသူ ပြည်သားတွေကို ကိုယ်ပြန်သတ်ပြီး အတိုက်အခံကို လက်ညှိုးထိုးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယား အစိုးရ အဆက်ဆက်ဟာ ဝါဒ ဖြန့်ချီရေး ရည်ရွယ်ချက် သက်သက် အတွက် ကိုယ့်တိုင်းသူ ပြည်သား ကိုယ်ပြန်သတ်တာ အရင်က ဥပမာ လက်ဘနွန်မှာတုန်းက ရှိခဲ့ဘူးတယ်လို့ စစ်ရေး အကဲခပ်က ဘီဘီစီကို ပြောပါတယ်။

တဆက်ထဲ အရပ်သားတွေကို နေ့စဉ်နဲ့ အမျှ ဗုံးကြဲနေတာကို နိုင်ငံတကာက ဝေဖန် နေမှုတွေကိုလည်း အာရုံ လွဲသွားအောင် လုပ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

တဘက်မှာ တတိယ အင်အားစုလို့ သိကြတဲ့ အဓိက အတိုက်အခံ မဟုတ်တဲ့ အဖွဲ့တဖွဲ့က အရင်က အလားတူ တိုက်ခိုက်မှုတွေဟာ သူတို့ လက်ချက်ဆိုပြီး ထုတ်ပြောဘူးပါတယ်။

ဒီအဖွဲ့ဟာ ဇန်နဝါရီလလောက်က စ ပေါ်လာတာ ဖြစ်ပြီး အရင် မော်တော်ကား ဗုံးခွဲ တိုက်ခိုက်မှုတွေ၊ လေတပ် ထောက်လှမ်းရေး ဌာနနဲ့ ရဲတပ် ဌာနချုပ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ဂျီဟာဒ် ဘာသာရေး စစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်နေတဲ့ အဖွဲ့ ဖြစ်ပြီး သူတို့ဟာ အယ်ခိုင်ဒါနဲ့ ဆက်စပ်ကောင်း ဆက်စပ်နေနိုင်တယ်လို့ သံသယ ရှိကြပါတယ်။

ဒီနှစ် အစောပိုင်းက ဘင်လာဒင် နေရာကို ဆက်ခံတဲ့ ဒေါက်တာ အိုင်မင် အယ် ဇဝါဟီရီက ဆီးရီးယား တော်လှန်ရေးကို ထောက်ခံဖို့ ကမ္ဘာ တဝှမ်းက မွတ်စလင်တွေကို တိုက်တွန်း ခဲ့ပါတယ်။

တကယ်လည်း ဆီးရီးယားမှာ ဒီလောက် ကြီးမားတဲ့ ဖောက်ခွဲမှုကြီးကို လုပ်နိုင်စွမ်းရှိတာ အစိုးရနဲ့ အယ်ခိုင်ဒါ နှစ်ခုပဲ ရှိတယ်လို့ ဘီဘီစီ လုံခြုံရေး သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။