ဆီးရီးယားမြို့တော်မှာ ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုတွေဖြစ်

  • 10 မေ 2012
Image caption ဒီတိုက်ခိုက်မှုဟာ အသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့တော်မှာ ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ရာမှာ လူ၅၀ကျော် သေဆုံးပြီး လေးရာနီးပါး ဒဏ်ရာရသွားပါတယ်။

မနက်ဖက် ကျောင်းတက် ရုံးတက်ချိန် ဒမာ့စကပ်စ်မြို့ တောင်ဘက်ပိုင်း ထောက်လှမ်းရေးရုံး အဆောက်အအုံတခုနားက ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ လမ်းမကြီး ပေါ်မှာ ဒီပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ စဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ တနှစ်ကျော်အတွင်း ဒမာ့စကပ်စ်မြို့မှာ လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေလို့ ဆိုနိုင်ပါတယ်။

ထိခိုက်သေဆုံးခဲ့သူ အများစုဟာ ရုံးတက် ကျောင်းတက်ဖို့ သွားနေသူတွေ ဖြစ်ပါတယ်။

လမ်းမကြီးပေါ်မှာ တွန့်လိမ် ပျက်စီးနေတဲ့ မော်တော်ယာဉ် အတော်များများ ပြန့်ကျဲနေတာ တွေ့ရပါတယ်။

ဒမာ့စကပ်စ်မြို့ ဆေးရုံက ဆရာဝန်တဦးကတော့ ဆေးရုံကို ရောက်လာတဲ့ လူနာတွေရဲ့ ဒဏ်ရာတွေဟာ အတော့်ကို ပြင်းထန်ပြီး သူမြင်ဘူးသမျှ အရေးပေါ် ကယ်ဆယ် ကုသမှုတွေ ထဲမှာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

ရေခဲတိုက်ကို ရောက်လာတဲ့ အလောင်းတွေအားလုံး ခြေပြတ်လက်ပြတ် ဖြစ်နေပြီး မီးကျွမ်း နေတာ တွေ့ရပါတယ်။

ရုပ်မြင်သံကြားမှာ ဖေါ်ပြတဲ့ သတင်းတွေအရ ဒါဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုလို့ ပြောပါတယ်။

အတိုက်အခံဘက် ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ကောင်စီကတော့ ဒီတိုက်ခိုက်မှုကို အစိုးရက နောက်ကွယ်ကနေ လုပ်ခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂ ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် မအောင်မြင်ဘူး ဆိုတာကို သက်သေပြချင်တဲ့ သဘောနဲ့ လုပ်တာလို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတိုင်းမှာ အမြဲလိုလို လေသံ နှစ်မျိုး ထွက်လေ့ ရှိပါတယ်။

ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေကို ဘယ်သူပဲ လုပ်ခဲ့၊ လုပ်ခဲ့ အခုလို မနက်ပိုင်း ကျောင်းတက် ရုံးတက်ချိန်မှာ လုပ်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ထိခိုက်သေဆုံးမှု များနိုင်သမျှ များအောင် တမင် ရည်ရွယ် လုပ်ခဲ့တာကို တွေ့ရပါတယ်။

အခင်း ဖြစ်ပွားခဲ့တဲ့ နေရာကို ကုလသမဂ္ဂ စစ်ဘက်ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Robert Mood ကိုယ်တိုင် လာရောက် ကြည့်ရှုသွားပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ မနှစ်မြို့စရာကောင်းတဲ့ အကြမ်းဖက်မှု လုပ်ရပ်တခု ဖြစ်ပြီး ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခြင်းအားဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင် ဆီးရီးယား ပြည်သူတွေကို ပိုဒုက္ခရောက်အောင် လုပ်သလိုပဲ ဖြစ်နေတယ် ဆိုတာကို ဆီးရီးယား ပြည်တွင်း ပြည်ပက လူအားလုံး သဘောပေါက်ဖို့ လိုတယ်လို့ သူက ပြောသွားပါ တယ်။