ဂရိ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး မအောင်မြင်

  • 12 မေ 2012
Greece
Image caption ဂရိ ရွေးကောက်ပွဲ ဘယ်ပါတီမှ အပြတ်မနိုင်

ဂရိ ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် အက်ဗန်ဂလော့စ် ဗန်နီဇလပ်စ် က သူ့အနေနဲ့ ညွန့်ပေါင်း အစိုးရသစ်ရေး ကြိုးပမ်း အားထုတ်မှုကို လက်လျော့လိုက်ပြီလို့ ဆိုပါတယ်။ ဒါ့ကြောင့် လုပ်ပိုင်ခွင့်အာဏာကို သမ္မတလက် ပြန်အပ်လိုက်တော့မယ်လို့ ပြောပါတယ်။

အက်ဗန်ဂလော့စ် ဗန်နီဇလပ်စ် ဟာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ တတိယမြောက် ကြိုးပမ်းပြီး လက်လျော့သွားတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူတို့ဟာ နောက်တကြိမ် ရွေးကောက်ပွဲ ထပ်လုပ်စရာ မလိုဘဲ အစိုးရသစ် ဖွဲ့စည်းနိုင်ရေးကို ကြိုးစားနေကြတာဖြစ်ပါတယ်။ ဘယ်ပါတီကမှ ဉီးဆောင်ပြီး ညွန့်ပေါင်း အစိုးရ မဖွဲ့နိုင်ကြရင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပကြရမှာ ဖြစ်ပါတယ်။ ခုထိ အခြေအနေကတော့ ညွန့်ပေါင်း အစိုးရ ပေါ်ပေါက်ရေး အလားအလာဟာ သိပ်နည်းပါးနေပါပြီ။

ဂရိနိုင်ငံရဲ့ ဘတ်ဂျတ်ဖြတ်တောက်ရေး အများပြည်သူအတွက် သုံးတဲ့ စရိတ်စကတွေဖြတ်တောက်ရေး အစီအစဉ်နဲ့ပ တ်သက်ပြီး အခက်အခဲကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အများပြည်သူအတွက် အသုံးပြုမယ့် အသုံးစရိတ်တွေကို ဖြတ်တောက်လျော့ချမယ့် အစီအစဉ်ကို လူထုက မကြိုက်ကြပါဘူး။ အသုံးစရိတ်တွေကို ဖြတ်ချရင် လူထုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အများပြည်သူရဲ့ အသုံးစရိတ်ကို ဖြတ်မချဘူးဆိုရင်လည်း တင်နေတဲ့ အကြွေးတွေကို ဆပ်ဖို့ အခက်အခဲရှိပါတယ်။ အများပြည်သူရဲ့ အသုံးစရိတ်ဖြတ်တောက်ရေး အစီအစဉ်ကို သဘောမတူရင် နောက်ထပ် ငွေမချေးနိုင်တော့ဘူးလို့ အီးယူနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ် တို့က ခြိမ်းခြောက်နေပါတယ်။

တနင်းဂနွေနေ့တုန်းက မဲပေးခဲ့တဲ့ ဆန္ဒမဲ အခြေအနေကို ကြည့်ရင် လူအများဟာ အများပြည်သူသုံးအသုံးစရိတ်ဖြတ်တောက်တာတွေ ကို ဆန့်ကျင်ပြီး မဲပေးခဲ့ကြကြောင်း တွေ့ရပါတယ်။

အခုလက်ရှိ အခြေအနေမှာ လက်ဝဲယိမ်းပါတီတွေဟာ ရွေးကောက်ပွဲ အသစ်ဆီ ဉီးတည်ချင်တဲ့ ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တဲ့ ဒီမိုကရေစီသစ်ပါတီကတော့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးကို လိုလားပါတယ်။

လက်ဝဲပါတီတွေအနေနဲ့ လက်ရှိမဲအများဆုံးကို ကွန်ဆာဗေးတစ်ပါတီတခုဖြစ်တဲ့ ဒီမိုကရေစီသစ်ပါတီက ယူထားတဲ့ အခြေအနေဟာ နောက်ထပ် ရွေးကောက်ပွဲ ပြုလုပ်ရင် ပြောင်းလဲသွားမယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် သူတို့က နောက်ရွေးကောက်ပွဲ လုပ်ရတဲ့ အနေအထားရောက်သွားအောင် အခုညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးမှာ ပူးပေါင်းပါဝင်မှု မပြုကြတဲ့ အတွက် အစိုးရသစ်ဖွဲ့ရေးဟာ အခက်အခဲရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။