ကေအိုင်အေနဲ့ အစိုးရအကြား တိုက်ပွဲတွေဆက်

  • 12 မေ 2012
Image caption အစိုးရ ရှေ့တန်းစခန်းငယ် တခုကို ကေအိုင်အေ က ၁၀ ရက်နေ့မှာ တက်သိမ်း

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ မတ်လ (၁၀)ရက်နေ့ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း ကေအိုင်အေနဲ့ အစိုးရ စစ်တပ်တွေ အကြား တိုက်ပွဲတွေ ကတော့ နေရာ အနှံ့ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။

အခုလ ၁၀ ရက် ကြာသပတေးနေ့ ကဆိုရင် ကချင်ပြည်နယ် ‘ဆွန်ပရာဘွမ်’မြို့ မရောက်ခင်၊ ‘ခဂယန်း’ ရွာအနီးက အစိုးရ စစ်တပ် ခလရ (၁၃၈) ရဲ့ ရှေ့တန်း စခန်းငယ် တခုကို ကေအိုင်အေ ဘက်က တက်ရောက် သိမ်းပိုက်ခဲ့ရာ၊ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ အစိုးရ စစ်တပ်က အရာရှိတဦး အပါအဝင် တပ်ဖွဲ့ဝင်(၈) ဦး ထိခိုက် ကျဆုံးမှုတွေ ရှိခဲ့သလို၊ ကေအိုင်အေ ဘက်ကလဲ တဦး ဒဏ်ရာရခဲ့ကြောင်း ကေအိုင်အေ စစ်ဖက်ရပ်ကွက်က ဆိုပါတယ်။

တရက်တည်းမှာပဲ ဒေါ့ဖုန်းယန် အနီးနဲ့ ချီဖွေ မြို့နယ် အတွင်းတွေမှာလဲ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးရုံမက၊ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းမှာလည်း ကေအိုင်အေနဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲ (၄)ကြိမ် အထိ ဖြစ်ပွား ခဲ့သေးကြောင်း သိရပါတယ်။

သောကြာနေ့နဲ့ စနေနေ့ ကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ကေအိုင်အေနဲ့ အစိုးရတပ်တို့ အကြား မနှစ်က ပြဿနာ စတင် ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့ မိုးမောက်မြို့နယ်၊ တာပိန် ရေအားလျှပ်စစ် စက်ရုံ အနီးမှာလည်း တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဘက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြရေး အတွက်၊ ဧပြီ (၂၀)ရက်နေ့ လောက်မှာ အစိုးရဘက်က ပေးပို့လာတဲ့စာ အပေါ်၊ ကေအိုင်အို ဘက်က ဧပြီ (၂၉)ရက် နေ့က အကြောင်းပြန်ကြား ထားပေမယ့်လည်း အခုချိန် အထိတော့ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ နောက်ထပ် တွေ့ဆုံ ဆွေးနွေးကြမယ် ဆိုတာ အတိအကျ မသိရ သေးပါ။