အာဖဂန် ငြိမ်းချမ်းရေး ကိုယ်စားလှယ် လုပ်ကြံခံရ

Image caption မစ္စတာ ရတ်ခ်မာနိဟာ တာလီဘန် အရာရှိဟောင်း တဦး ဖြစ်ပါတယ်

အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး အတွက် ကြားဝင် စေ့စပ်ပေးနေတဲ့ ထိပ်တန်း အရာရှိတဦး ဖြစ်သူ အာဆာလာ ရတ်ခ်မာနိကို သေနတ်သမား တဦးက မြို့တော်ကာဘူးမှာ လုပ်ကြံ သတ်ဖြတ် လိုက်ပါတယ်။

မစ္စတာ ရတ်ခ်မာနိဟာ တာလီဘန် အရာရှိ ဟောင်း တဦး ဖြစ်ပြီး ငြိမ်းချမ်းရေး အစီအစဉ် အတွက် တာလီဘန် ဘက်ကနေ ပထမဦးဆုံး ပူပေါင်း ဆောင်ရွက်လာသူ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မနက် ၉နာရီခွဲလောက် အချိန်မှာ အထက်လွှတ်တော် အမတ်လည်းဖြစ်၊ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် လည်းဖြစ်သူ အာဆာလာ ရတ်ခ်မာနိကို အမည်မသိ သေနတ်သမားက အသံတိတ် ပစ်စတိုနဲ့ ပစ်သတ် သွားခဲ့တာ ဖြစ်တယ်လို့ ကာဘူးမြို့ ရဲမှူးကြီး ဗိုလ်ချုပ်ကြီး ဒဟုအမင်း က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

မြို့တော်ကာဘူးမှာ ယာဉ်ကြောများပြီး မစ္စတာ ရတ်မာနိရဲ့ကားလည်း လမ်းပိတ်မိနေတဲ့ အချိန်မှာ သနတ်သမားက တချက်တည်းနဲ့ ပစ်သတ် သွားတာ ဖြစ်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အဲဒီအချိန်မှာ သူ့ရဲ့ သက်တော်စောင့်လည်း မရှိဘူးလို့ဆိုပါတယ်။

အခုလို မစ္စတာ ရတ်ခ်မာနိ သေဆုံးသွားတဲ့ အတွက် တာလီဘန်တွေနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ကို အကြီးအကျယ် ထိခိုက်မှု ရှိစေတယ်လို့ အာဖဂန် ထိန်တန်း အရာရှိတွေက ပြောကြား ပါတယ်။

တာလီဘန်တွေရဲ့ သဘောထား အယူအဆတွေကို သိနိုင်ဖို့အတွက် သမ္မတက သူ့ကို အားထား နေရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။