အရှေ့အာရှ ၃ နိုင်ငံ ကုန်သွယ်မှု စာချုပ်ချုပ်ဖို့ ပြင်ဆင်နေ

  • 13 မေ 2012
asia map
Image caption အရှေ့အာရှ စီးပွားရေးတွေ ပိုတိုးတက် လာမလား။

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက လွတ်လပ်တဲ့ ကုန်သွယ်မှု စာချုပ် တခု ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်ဆင် နေကြ တယ်လို့ ဆိုပါတယ်။

ဒီ အာရှရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင် တွေဟာ ဒီ ဆွေးနွေးပွဲ တွေစတင် ဖို့ အတွက် ရှေ့ပြေး ဆောင်ရွက်မှု အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူ စာချုပ် တခုကို ဘေဂျင်း မြို့မှာ လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

အဲဒီ လက်မှတ် ရေးထိုးပွဲ အပြီးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားဘောင် က ဒီ စာချုပ်ကနေ တဆင့် တနေ့တခြား အင်အားကြီးမား လာတဲ့ အရှေ့မြောက် အာရှရဲ့ စီးပွားရေး တွေကို ပိုပြီး အရှိန်မြှင့် ပေးလိုက် သလို ဖြစ်လာ နိုင်မယ်လို့ ပြောပါတယ်။

မစ္စတာ ဝမ်ကျားဘောင်က ပြောကြားရာမှာ ဒီ ၃ နိုင်ငံ စလုံးမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ကို တိုးတက် လာအောင် လုပ်နိုင်တဲ့ စွမ်းအားတွေ ရှိတဲ့ အကြောင်း၊ လွတ်လပ်တဲ့ ကုန်သွယ်မှု စာချုပ် ကနေ ဒေသတွင်း စီးပွားရေး တွေကို ပိုမို ရှင်သန် လာစေမှာ ဖြစ်သလို အရှေ့ အာရှ တခုလုံးရဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုတွေ အားလုံး ကိုပါ ပိုမို တွန်းအား ပေးသွား နိုင်မှာ ဖြစ်ကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။