ယူရိုမြဲဖို့ ပြင်သစ် ဂျာမနီ ပူးပေါင်းလုပ်မည်

  • 16 မေ 2012
euro ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိမှာ ခြိုးခြံခြွေတာရေး အစီအမံတွေ ဖော်ဆောင်ဖို့ ခက်နေ

ယူရို ငွေကြေး စနစ် မပြိုလဲအောင် ပြင်သစ်နဲ့ ဂျာမနီ နှစ်နိုင်ငံ အတူ ပူးတွဲ လုပ်ဆောင်ဖို့ ဘာ လင်မှာ ရောက်နေတဲ့ ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အော်လန်နဲ့ ဂျာမန် ဝန်ကြီးချုပ် မာ ကဲတို့ တွေ့ဆုံ အပြီးမှာ ပြောကြား လိုက်ပါတယ်။

ဒီလ ၂၃ ရက်နေ့မှာ ယူရိုဇုံထဲက ခေါင်းဆောင် တွေ အလွတ် သဘော တွေ့ဆုံကြမယ်လို့လည်း ပြောပါတယ်။

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ အတွက် မဲ ဆွယ်တုန်းက ဖရန်ဆွာ အော်လန်းက အီးယူ နိုင်ငံတွေကြား သဘောတူထားတဲ့ ဘဏ္ဍာရေး သဘော တူညီချက်ကို ပြန်ညှိမယ်လို့ ကတိပေးခဲ့ပေမယ့် ခု ဂျာမနီ ဝန်ကြီးချုပ်ကတော့ ဒီသဘော တူညီချက်ကို ပြင်လို့ မရဘူးလို့ ပြောနေပါတယ်။

တဘက်မှာ ယူရိုဇုံထဲက ဘဏ္ဍာရေး မျက်ဖြူ ဆိုက်နေတဲ့ ဂရိ နိုင်ငံမှာ ခြိုးခြံ ချွေတာရေး အစီအမံတွေကို အတည်ပြုဖို့ အခက် ကြုံနေပါတယ်။

ဂရိဟာ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့နဲ့ အီးယူဆီက ပိုက်ဆံ ဘီလီယံ ရာချီ ချေးခဲ့ရပြီး ဒီပိုက်ဆံတွေ ပြန်ဆပ်နိုင်ဖို့ သူ့တိုင်းပြည်ထဲမှာ ခြိုးခြံ ချွေတာရေး အစီအမံတွေ ဖော်ဆောင်ဖို့ ဖိအားပေး ခံနေရပါတယ်။

ဒါပေမယ့် မကြာခင်က ဂရိက ရွေးကောက်ပွဲမှာ ပြည်သူလူထုက ခြိုးခြံ ချွေတာရေး အစီ အမံကို သဘောတူတဲ့ လက်ရှိ အာဏာရ ပါတီတွေကို ပစ်ပယ်ပြီး ဒီအစီအမံတွေကို ဆန့် ကျင်တဲ့ လက်ဝဲစွန်းနဲ့ လက်က်ျာစွန်းက ပါတီတွေကို ထောက်ခံမှု ပြခဲ့ပါတယ်။

ဒီအတောအတွင်းမှာ အီးယူ နိုင်ငံတွေထဲမှာ ဂျာမနီကလွဲပြီး နိုင်ငံ အတော်များများရဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရပ်တန့်လုနီးနီး ဖြစ်နေတဲ့ အတွက် ပြင်သစ် သမ္မတ အော်လန်းက အကြွေး ကိစ္စ အပြင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပြန်မော့လာစေမယ့် အစီအမံတွေကိုလည်း လုပ်ဆောင်ပြဖို့ လိုအပ်လာပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ကြွေးထူ၊ ဖွံ့ဖြိုးမှုနှုန်း နှေးကွေး၊ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းလာနေတဲ့ အနေ အထားတွေကို သူ ကောင်းကောင်း သဘောပေါက်တယ်လို့ ပြင်သစ် သမ္မတက ပြောနေပြီး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပြန်ဉီးမော့လာအောင် ပိုက်ဆံ ထပ်ချေးဖို့ လိုနေပါတယ်။

ဒါပေမယ့် မာကဲ ဝန်ကြီးချုပ် ဖြစ်နေတဲ့ ဂျာမနီက နောက်ထပ် ပိုက်ဆံချေးဖို့ ကိစ္စကို အ ပြောမခံပါဘူး။

ဒါ့ကြောင့် ပြင်သစ် သမ္မတ အော်လန်း အတွက် ရွေးကောက်မခံရခင်က မဲဆန္ဒရှင်တွေကို ပေးထားတဲ့ ကတိကို ဘယ်လို တည်အောင် လုပ်မလဲဆိုတာ ခုချိန်မှာ ဖြေရ အခက်ဆုံး မေးခွန်း ဖြစ်နေပါတယ်။