ပြင်သစ် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

  • 15 မေ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ သမ္မတ Hollande ပြော

ပြင်သစ် နိုင်ငံမှာ သမ္မတသစ် အဖြစ် Francois Hollande အင်္ဂါနေ့မနက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါပြီ။

ဥရောပ အနာဂတ် အတွက် နည်းလမ်းသစ်တွေနဲ့ ရှေ့ဆက်သွားဖို့ မစ္စတာ Hollande က ပန်ကြားလိုက် ပါတယ်။

သူဟာ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ခြိုးခြံချွေတာရေး မူဝါဒတွေ ချမှတ်နေတာကို ဆန့်ကျင် ဆောင်ရွက် သွားမယ် ဆိုတဲ့ မဲဆွယ် စည်းရုံးမှုတွေနဲ့ သမ္မတ အဖြစ် ရွေးကောက် ခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ Hollande က ကြီးမားတဲ့ ကြွေးမြီ ပြဿနာ၊ စံချိန်တင်ရလောက်အောင် အလုပ် လက်မဲ့ ဦးရေ ကြီးထွားလာနေတာ၊ စီးပွားရေးတိုးတက်မှုနှုန်း လျော့ကျနေတာ၊ တခါ အခက်အခဲတွေ ကြားကနေ EU နိုင်ငံတွေ မနည်း ရုန်းထွက်နေရတာ အပါအဝင် စိန်ခေါ်မှု ပြဿနာတွေ အများကြီးကို သူရင်ဆိုင်ရဖို့ရှိတယ် ဆိုတာကို ကောင်းကောင်းကြီး သိထားပါ တယ်လို့ ပြောသွားပါတယ်။

သူပထမဆုံး လုပ်ရမှာကတော့ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ ဖြစ်ပါတယ်။

အလားအလာ အရှိဆုံးသူကတော့ ဂျာမန်စကားလည်း တတ်၊ သူနဲ့ရင်းနှီး နီးစပ်သူလည်း ဖြစ်၊ ပါလီမန်မှာ ဆိုရှယ်လစ် အုပ်စုခေါင်းဆောင်လည်း ဖြစ်တဲ့ Jean Marc Ayrault ဖြစ်နိုင်တယ်လို့ ပဲရစ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခါစီးပွားရေးဝန်ကြီးနေရာကိုတော့ မစ္စတာ Hollande ရဲ့ အဓိက စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တဦး ဖြစ်သူ Michel Spain ရမယ်လို့ တွက်ထားကြပါတယ်။

အင်္ဂါနေ့ညမှာတော့ သမ္မတ Hollande ဟာ ဂျာမနီ ဝန်ကြီးချုပ် Angela Merkelနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ရှိပါတယ်။

တင်းကျပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ဆန့်ကျင်တဲ့ သမ္မတသစ် Hollande အနေနဲ့ ဥရောပ ဇုံ ပြဿနာအကြောင်း ဆွေးနွေးဖို့ ဂျာမန် ဝန်ကြီးချုပ် Angela Markel နဲ့ တွေ့ဆုံတဲ့အခါ ညှိနှိုင်း အဖြေရှာနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

မစ္စတာ Hollande က စီးပွားရေး တိုးတက်လာရေးအတွက် တောင့်တင်း ခိုင်မာတဲ့ အဆိုပြု ချက်တွေ တင်ပြသွားမှာ ဖြစ်ပြီး ဂျာမနီနဲ့ တန်းတူ ညီမျှတဲ့ ဆက်ဆံရေး ပြန်ထားနိုင်အောင် လုပ်မယ်လို့ ကတိပြုသွားပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် Angela Markelအနေနဲ့ သမ္မတ Nicolas Sarkozy သမ္မတ ရာထူး ဆက်ရဖို့ လိုလားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးတာပါ။

ဒါပေမယ့် မစ္စတာ Sarkozy နဲ့တုန်းကလည်း ဂျာမန် ပြင်သစ် ဆက်ဆံရေး အစကောင်းခဲ့ တာ မဟုတ်ပဲ အချိန်အတော်ယူခဲ့ရတာ ပါ။

ဒါပေမယ့် အခုလို ဥရောပဇုံ ပြဿနာ ဖြစ်နေတဲ့ အခုလိုချိန်မျိုးမှာ တော့ ဒီလို အချိန်ယူလို့ ရမှာ မဟုတ်ပဲ အဆင်ပြေပြေ ဆက်ဆံကြရဖို့ပဲ ရှိပါတယ်။

ဒါ့ကြောင့် အင်္ဂါနေ့ည မစ္စတာ Hollande နဲ့ မစ္စစ် Markel တို့ တွေ့ဆုံတဲ့အခါ နှစ်ဘက် ဆက်ဆံရေး ဘယ်လို တိုးတက်ကောင်းမွန်အောင်လုပ်မလဲ၊ နှစ်ဘက် အကြား အပေးအယူ လုပ်ဖို့ ရှိသလား၊ ရှိခဲ့ရင် ဘယ်ဘက်က ပေးပြီး ဘယ်ဘက်က ယူမလဲ ဆိုတာတွေကို စောင့်ကြည့်ရဖို့ ရှိပါတယ်။