ချားလ်စ်တေလာက သူ့စွပ်စွဲသူတွေကို ပြန်စွပ်စွဲ

  • 16 မေ 2012

လိုက်ဘေးရီးယား သမ္မတဟောင်း ချားလ်စ် တေလာရဲ့ အမှုကို သည်ဟိတ်ဂ် နိုင်ငံတကာ ရာဇဝတ်ခုရုံးမှာ မေ ၁၆ က ပြန်စတဲ့အခါ မစ္စတာတေလာက ခုခံ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပိုက်ဆံပေးခိုင်းခံထားရသူတွေက သူ့ကို စွပ်စွဲတာပါလို့ ဆိုသူ ချားလ်စ် တေလာ

စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ မစ္စတာ တေလာက သူ့ကို စွပ်စွဲကြသူတွေဟာ ပိုက်ဆံပေးပြီး အငှား ခံထားရတာ ဖြစ်တယ်၊ အခုလို မထွက်ဆိုဘူးဆိုရင် ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ခံထားရသူတွေ ဖြစ်ပါတယ်လို့ ခုံရုံးကို သူ တင်ပြတဲ့ တုန့်ပြန် လျှောက်လဲမှုမှာ ပြောဆိုထားပါတယ်။

ကမ္ဘာတဝှန်းက ဘယ်လို အကြမ်းဖက် ရက်စက် ကျူးလွန်မှုကို မဆို သူ့အနေနဲ့ ဆန့်ကျင်ကြောင်းလည်း စွပ်စွဲခံ သမ္မတဟောင်းက ပြောပါတယ်။

အနောက် အာဖရိက က နိုင်ငံတခုဖြစ်တဲ့ ဆီယာလီယွန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ စိန်တွင်းတွေကို ရမယ့်အရေးကို အရင်းတည်လို့ သူပုန်တွေကို မစ္စတာ တေလာက လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆီယာလီယွန်အတွက် အထူး ဖွဲ့စည်းထားတဲ့ တရားရုံး တရားသူကြီးတွေက သုံးသပ်ကြပါတယ်။

ပြစ်ဒဏ်အနေနဲ့တော့ သူဟာ နှစ်ပေါင်း ၈၀ အပြစ် ကျခံရဖို့ ရှိပါတယ်။ စီရင်ချက်ကိုတော့ ဒီလကုန်ပိုင်းမှာ ချမှတ်သွားမယ်လို့ သိရပါတယ်။