မလာဒစ်ရှ် တရားခွင်ကို မထီမဲ့မြင်ပြု

  • 16 မေ 2012

ဒုတိယကမ္ဘာစစ်ပြီး ကထဲက အရက်စက်ဆုံး စစ်ရာဇဝတ်မှု ကျူးလွန်သူလို့ စွပ်စွဲခံရသူ ဘော့စနီးယား ဆာ့ဘ် စစ်ခေါင်းဆောင် ရက်ကို မလာဒစ်ရှ်ကို စစ်ဆေးတဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်က နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို မေ ၁၆ မှာ ပြန်လည် စတင်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လက်ခုပ်လက်ဝါးတီးလို့ လက်မထောင်ပြီး တရားရုံးကို မထီမဲ့မြင်လုပ်တဲ့ ဗိုလ်ချုပ်ကြီး

စွပ်စွဲခံထားသူ ဗိုလ်ချုပ်ကြီး မလာဒစ်ရှ်က တရားခွင်ထဲ ဝင်လာတဲ့အချိန်မှာ လက်မကို ထောင်ပြခဲ့သလို လက်ခုပ်လက်ဝါးတီးခဲ့တာလည်း တွေ့ရပါတယ်။ ၁၉၉၅ ခုနှစ် ဘောလကန် စစ်ပွဲအတွင်း ဆာဘရန်နီကာမှာ မွတ်ဆလင် အမျိုးသားကြီးငယ် ခုနစ်ထောင်ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်မှုပေါင်း ပြစ်ချက် ၁၁ ချက်နဲ့ မလာဒစ်ရှ်ကို စွပ်စွဲထားကြတာ ဖြစ်ပါတယ်။

စွဲချက်တင်တဲ့ အမှုလိုက်တဉီးဖြစ်တဲ့ ဒါမို့ ဂရူးမ်ကလည်း မလာဒစ်ရှ်ဟာ လိင်အကြမ်းဖက်တာတွေကို လက်နက်အဖြစ် အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ သူက မလာဒစ်ရှ်ဟာ ဘော့စနီးယားမှာ မျိုးဖြုတ် သန့်စင်မှုအတွက် လိင်မှုအကြမ်းဖက်တဲ့ ရာဇဝတ်မှုတွေကို လုပ်ခဲ့ပါတယ်၊ အမျိုးသမီးတွေဟာ အဓိက ပစ်မှတ်ဖြစ်ခဲ့တဲ့အပြင် အမျိုးသားတွေဟာလည်း လိင်အကြမ်းဖက် ခံရတဲ့အထဲမှာ ပါခဲ့တယ်လို့ ပြောပါတယ်။

အခုတော့ အသက် ၇၀ နီးပါးရှိနေတဲ့ ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းကို မြန်မြန် တရားစီရင်နိုင်အောင်လို့ သူ့ကို စွပ်စွဲထားတဲ့ ပြစ်ချက် တဝက်လောက်ကို လျှော့ပစ်လိုက်တယ်လို့ သိရပါတယ်။