ဥရောပအရေး ရင်မအေးရသေး

  • 18 မေ 2012

သီတင်း တပတ်ကြာအောင် ဖြစ်နေခဲ့တဲ့ ဥရောပ ဇုန်အတွင်း စီးပွားရေးနဲ့ မတည်ငြိမ်မှု တွေကြောင့် ကမ္ဘာ တလွှား အစု ရှယ်ယာ စျေးတွေ ကျဆင်း သွားခဲ့ပါတယ်။ တချိန်တည်း မှာပဲ စပိန်နိုင်ငံပိုင် ဘဏ်တွေ အပေါ် ဖိအားတွေ တိုးလာနေ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဘဏ်တွေမှာ ငွေပြေးထုတ်သူတွေလည်း ရှိခဲ့ပါတယ်။

ဒီတော့ ဥရောပတိုက်က ယူရို ငွေကြေး တမျိုးတည်း သုံးတဲ့ နိုင်ငံတွေ ဖြစ်ကြတဲ့ ဂရိ နဲ့ စပိန် နိုင်ငံတို့မှာ ဖြစ်နေတဲ့ မသေချာ မရေရာမှု တွေက ကမ္ဘာတဝန်းလုံးမှာ ရှိတဲ့ အစုရှယ်ယာ စျေးကွက်တွေ ကို ဂယက် ရိုက်ခတ် သွားခဲ့ပါတယ်။ စပိန်နိုင်ငံ ဆိုရင် စောစောပိုင်းက အစုရှယ်ယာ ညွှန်းကိန်း ၂ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ မနက်နှောင်းပိုင်းမှာ စျေးပြန်တက်ပြီး အရောင်း အဝယ် ဖြစ်နေပါတယ်။ တချို့ ရင်းနှီး မြှုပ်နှံသူတွေ ကတော့ အန္တရာယ် ပိုနည်းတယ်လို့ ယူဆတဲ့ ဂျာမနီ နိုင်ငံကို ပြောင်းပြီး ငွေကြေး စာချုပ်တွေကို ဝယ်ယူ နေကြ ပါတယ်။

ဥရောပ ဘဏ်တွေ အပေါ် လူတွေရဲ့ ယုံကြည်မှု ကျဆင်း လာခဲ့ကြတဲ့ အကြောင်းက Moody လို့ ခေါ်တဲ့ ဘဏ်တွေရဲ့ ချေးငွေ ပြန်ဆပ် နိုင်စွမ်း အဆင့် သတ်မှတ်တဲ့ အေဂျင်စီက စပိန် နိုင်ငံပိုင် ဘဏ် ၁၆ ဘဏ်ကို မနေ့က ကြာသပတေးနေ့ကပဲ အဆင့်နှိမ့် သတ်မှတ် ခဲ့တဲ့ အတွက် ဖြစ် ပါတယ်။

Moody အေဂျင်စီက စပိန်နိုင်ငံ ဘဏ်ကြီးရဲ့ ဗြိတိန် နိုင်ငံက ဘဏ်ခွဲ တစ်ခု ဖြစ်တဲ့ Santander ဘဏ်ကိုလည်း အလားတူ အဆင့် လျှော့ချခဲ့ ပါတယ်။ ဒါပေမဲ့ Santander ဘဏ်ရဲ့ အစု ရှယ်ယာ တွေက စောစောပိုင်းက စျေးကျပြီး ရှုံးနေ ခဲ့ရာက အခု ၂ ရာခိုင်နှုန်း ပြန်တက် လာခဲ့တဲ့ အပြင် စပိန်ရဲ့ စတုတ္ထ အကြီးဆုံး Bankia ဘဏ်ကြီးရဲ့ ရှယ်ယာ စျေးတွေ ကလည်း မနေ့က ၁၄ ရာခိုင်နှုန်း ကျဆင်းသွားပြီးတဲ့ နောက် ၁၇ ရာခိုင်နှုန်း ကို ပြန်တက် လာခဲ့ ပါတယ်။

ဒီတော့ ရှယ်ယာ စျေးတွေလည်း ပြန်တက်လာတဲ့ ကြားမှာ Moody အေဂျင်စီ က ဘာကြောင့်များ ဘဏ်တွေရဲ့ အဆင့် အတန်း သတ်မှတ်ချက်ကို လျှော့ခဲ့တာလဲ ဆိုတာက မေးစရာ ဖြစ်လာ ပါတယ်။ Moody ကတော့ သူတို့ အနေနဲ့ လျှော့ချရတဲ့ အကြောင်းတွေ အများကြီး ရှိတယ်၊ အဲဒီထဲမှာ စပိန် နိုင်ငံက စီးပွားရေး ထိုင်းမှိုင်းတဲ့ ဘက်ကို ပြန်သွား နေတာရယ်၊ စပိန် အစိုးရ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး ဆိုင်ရာ စိန်ခေါ်မှုတွေ၊ အိမ်ခြံမြေ လုပ်ငန်း မှာ ကြွေးဆုံး ကိစ္စတွေ ကိုလည်း ထည့်သွင်း စဉ်းစားတယ်လို့ ပြောပါတယ်။

ဒါကြောင့် အခုလို အဆင့်နှိမ့် သတ်မှတ်ပေမဲ့ စပိန် ဘဏ်တွေအနေနဲ့ ဘဏ္ဍာရေး အခြေ အနေ ကောင်းမွန်အောင် လုပ်ဆောင် နိုင်ခဲ့တဲ့ တိုးတက်မှုတွေ ရှိခဲ့ပြီး ဥရောပ ဗဟိုဘဏ်ရဲ့ အထောက်အပံ့လည်း ရနေခဲ့တယ် ဆိုတဲ့ အချက်တွေကိုတော့ Moody က အသိအမှတ်ပြု ပါတယ်။

ဒီကနေ့ စပိန် ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ ပြီးခဲ့တဲ့ မတ်လတုန်းက စပိန်ဘဏ်တွေ ကြွေးဆုံး ရင်ဆိုင် ခဲ့ရတာ ၈ ဒဿမ ၃၇ ရာခိုင်နှုန်းနဲ့ စံချိန်ချိုးသွားခဲ့ တယ်လို့ သိရ ပါတယ်။ ကြွေးဆုံးတွေ ပိုများလာပြီး၊ ဘဏ်တွေ အဆင့်နှိမ့် သတ်မှတ်ခံရတဲ့ အပြင် ပြဿနာ တက် နေတဲ့ Bankia ဘဏ် အုပ်စုမှာ ငွေအပ်ထားကြသူတွေက ငွေတွေ အများကြီး ပြန်ထုတ်နေကြတယ် ဆိုတဲ့ သတင်းတွေ တက်နေပေမဲ့ စပိန် အစိုးရ ကတော့ သူတို့ ဘဏ်တွေ မှာ ငွေပင် ငွေရင်း မရှိတော့တဲ့ အထိ ဖြစ်မသွား ဘူးလို့ မျှော်လင့် ပါတယ်။