ချန်းဂွမ်ချန်း အမေရိကန် ရောက်ပြီ

  • 20 မေ 2012
chenguangchen
Image caption နယူးယောက်မြို့ရောက် ချန်းဂွမ်ချန်း

တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ချန်းဂွမ်ချန်း ဟာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

သူနဲ့ အတူ ဇနီးသည်နဲ့ ရင်သွေး ၂ ဉီးလည်း ပါလာပါတယ်။

သတင်းပတ် အတော်ကြာ သံတမန်ရေး ညှိနှိုင်းမှု တွေအပြီးမှာတော့ တရုတ် နိုင်ငံရေး လှုပ်ရှားသူ ချန်းဂွမ်ချန်း တရုတ်ပြည်ကနေ ထွက်ခွာ နိုင်ခဲ့တဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စုက ကြိုဆို လိုက်ပါတယ်။

အခုလို အဖြေတခု ထွက်လာတဲ့ အပေါ်မှာ ကျေနပ် အားရမိတယ်လို့ အိမ်ဖြူတော် ကပြောပါတယ်။

သူဟာ တရုတ် အရှေ့မြောက်ပိုင်း မှာ ရှိတဲ့ သူ့ နေအိမ်မှာ တရားမဝင် နေအိမ် အကျယ်ချုပ် ချထားခံ နေရာက ထွက်ပြေး လွတ်မြောက်ပြီး အမေရိကန် သံရုံး ထဲကို ဝင်ရောက် ခိုလှုံ နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူက နိုင်ငံ အတွင်းက ထွက်မသွား ချင်ကြောင်း ပြောနေပေမယ့်လည်း နှစ်နိုင်ငံ အဆင့်မြင့် တွေ့ဆုံ ညှိုနှိုင်းမှု တွေအပြီးမှာ တရုတ် အာဏာပိုင် တွေက မစ္စတာချန်းကို ပညာရေးအတွက် နယူးယောက်မြို့ကို သွားရောက်ဖို့ကို ခွင့်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။